စက်လှေနစ်မည့်ကြံရာမှ မြန်မာသို့ ခိုးဝင်သူ ၂၅ ဦးကို ကယ်တင်

ပို့စ်တင်ချိန် - 12/27/2013 11:55:00 AM


(နိရဉ္စရာ- ၂၇ ဒီဇင်ဘာ ၂၀၁၃)

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ်မှ တဆင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်သို့ တရားမ၀င် ခိုးဝင်သည့် စက်လှေ တစ်စီး နစ်မြုပ်ရန် ကြံရာမှ စက်လှေပေါ်တွင် ပါလာသူ ၂၅ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီ က ကယ်တင်လိုက်ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

တက်ကနက် အခြေစိုက်  အမှတ် (၄၂) တပ်ရင်းမှ လူပ်ရှား စစ်ကြောင်း တစ်ခုမှ နတ်မြစ်အတွင်း စက်လှေ တစ်စီးနစ်မြုပ်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိပြီးနောက် ချက်ချင်း သွားရောက်ပြီး ၎င်းစက်လှေပေါ်ပါ လူ ၂၅ ဦးကို ယမန်နေ့ နံနက်က ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

ကယ်တင်လိုက်ရသူများမှာ သူတို့အဆို မွတ်ဆလင်များဖြစ်ကြောင်း၊ သူတို့ မှာ စစ်တွေမြို့ ဧရိယာ Daibrang မှ ဖြစ်ကြောင်း၊ နတ်မြစ်မှ တဆင့် မြန်မာဘက်သို့ တရားမ၀င် ၀င်ရောက်သူများ ဖြစ်ကြောင်း သတင်းများတွင် ဖေါ်ပြသည်။

ကယ်တင်ခံရသူများအထဲမှ အသက် (၅၅) နှစ် အရွယ် Amjad  Khatun က မိမိတို့မှာ လွန်ခဲ့သော (၆) လကတည်းက ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ မြန်မာဘက်သို့ ကြာသပတေးနေ့ နံနက်က စက်လှေဖြင့် ပြန်လည် ၀င်ရောက်စဉ် စက်ပျက်ပြီး စက်လှေမှာ နစ်မြုပ်မည့် အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

၎င်းတို့အား ကယ်တင်ပြီးနောက် ယင်းနေ့ ညနေတွင်ပင် မြန်မာနိုင်ငံသို့  သူတို့အား ပြန်လည် ပို့ဆောင်လိုက်သည်ဟု တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်းမှူး ကာနယ် အာဘူဂျာ အယ် ဂျာဟစ်က ပြောဆိုဟု သတင်းများက ဆိုသည်။

သူတို့အား တရားဝင် ပို့ဆောင်ခြင်းလား၊ သို့မဟုတ် နယ်စပ် တရားမ၀င် လမ်းကြောင်းမှ ပြန်လည် ပို့ဆောင်ခြင်းလားဆိုသည်ကိုမူ နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
Burmesenews narinjara