မြန်မာ့ရှေးဟောင်းကားများ ဘန်ကောက်ရှေးဟောင်းကားပြပွဲတွင် သွားရောက်ပြသမည်

ပို့စ်တင်ချိန် - 12/27/2013 02:28:00 PM


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် ရှေးဟောင်းကားပြပွဲကို မြန်မာနိုင်ငံက ရှေးဟောင်းကားအချို့ သွားရောက်ပြသဖို့ ရှိကြောင်း Myanmar Classic Cars Club အဖွဲ့ဝင် ဦးဇော်ဖြိုးလင်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ကားပြပွဲကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ပြုလုပ်မှာဖြစ်တယ်။ မြန်မာနိုင်ငံက ရှေးဟောင်းကားတွေကို ဖိတ်ကြားထားတာကြောင့် အဖွဲ့ဝင်တွေရဲ့ ကားတွေ ရန်ကုန်ကနေ သွားကြဖို့ စီစဉ်ထားကြတာပါ။ Myanmar Classic Cars Club မှာ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ စတဲ့နိုင်ငံက ကားတွေ အများအားဖြင့် ပါဝင်တယ်။ အဖွဲ့ဝင်တွေရဲ့ ကားတွေက ခရိုင်စလာ၊ ချက်ပလက်၊ အော်စတင်၊ မာရီဘူး စတဲ့ကားတွေ ပါဝင်တယ်။ Myanmar Classic Cars Club အဖွဲ့ဝင်တွေက ၂၀၁၃ ခုနှစ် နိုဝင်ဘာလကလည်း ရှေးဟောင်းကားတွေနဲ့ ပဲခူး၊ တောင်ငူ၊ နေပြည်တော်မြို့တွေကို ပြည်တွင်းခရီးစဉ်အဖြစ် သွားခဲ့ကြတယ်။ ပြုပြင်ထိန်းသိမ်းမှုအဖြစ် နှစ်လတစ်ခါ၊ သုံးလတစ်ခါ အင်ဂျင်ဝိုင် လဲလှယ်တာလောက်ပဲ ပြုလုပ်ပေးရပြီး အခြား ကြီးကြီးမားမား ပြုပြင်ရတာ မရှိကြောင်း ဦးဇော်ဖြိုးလင်းက ပြောတယ်။ ထိုင်းနိုင်ငံ ရှေးဟောင်းကားပြပွဲမှာ ကိုယ်တိုင်မောင်းနှင်မယ့် မစုမြတ်က “ကားကြံ့ခိုင်မှုရယ်၊ မောင်းတဲ့သူတွေ ကြံ့ခိုင်မှုရယ်ဆိုရင် ဘန်ကောက်အရောက် နှစ်ရက်လောက် မောင်းကြဖို့ စီစဉ်ထားတယ်” လို့ ပြောတယ်။ Myanmar Classic Cars Club မှာ အဖွဲ့ဝင်ကားပေါင်း ၃၀ နီးပါးရှိပြီး ဥရောပနဲ့ အမေရိကထုတ် ကားတွေ ပါဝင်ကြတယ်။ အဲသည်အဖွဲ့ကို ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်တာ ဖြစ်ပါတယ်။ ရှေးဟောင်းကားတွေ ဖြစ်လို့ တစ်ခါတစ်ရံ ယာဉ်အပိုပစ္စည်း လိုတဲ့အခါ နိုင်ငံခြားက မှာယူတင်သွင်းကြရတယ်။ ပြည်ပကို တကူးတက မှာယူတင်သွင်းကြရပေမယ့် စိတ်မပျက်ဘူးလို့ ဆိုတယ်။ လက်ရှိအသစ်ဝင်နေတဲ့ ကားတွေထက်စာရင် ရှေးဟောင်းကားတွေကို ပိုကြိုက်နှစ်သက်ကြောင်း မစုမြတ်က ပြောပြခဲ့သည်။ “အခုဝင်နေတဲ့ ကားတွေက ပိုတောင် စိတ်မချရသေးတယ်၊ အရင်ကလာတဲ့ ကားတွေက သံပြားအထူကြီးတွေ၊ ကားဘော်ဒီကို လက်နဲ့ခေါက်ကြည့်ရုံနဲ့ သိတယ်။ အရင်ကားတွေက ပိုပြီး safety ဖြစ်တယ်လို့ ခံစားရတယ်” ဟု ၄င်းက ဆက်လက် ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge