ယခုနှစ်မှာ မူးယစ်ဆေးဖမ်းမိမှု ပိုများလာ

ပို့စ်တင်ချိန် - 12/27/2013 02:29:00 PM


ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်ပြီး အထူးစီမံချက်ချပြီး ဆောင်ရွက်ခဲ့တာကြောင့် ယခုနှစ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုနှုန်း မြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ လားရှိုးမြို့ အမှတ် ၂၄ မူးယစ်တပ်ဖွဲ့ စုမှူး ရဲမှူးရဲနိုင်က ပြောပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ယခုနှစ် နိုဝင်ဘာလကုန်အထိ အမှုပေါင်း ၉၅၆ မှုနဲ့ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၉၂၅ သန်းကျော်ဖိုး ဖမ်းဆီးရရှိခဲ့တယ်လို့ ရှမ်းပြည်မြောက်ပိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ စာရင်းအရ သိရပါတယ်။ ကာလတူနှိုင်းယှဉ်ရင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိက အမှုပေါင်း ၈၆၀ ဖြစ်ပြီး ကျပ်သန်း ၉၀၀ ခန့်သာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု မြင့်တက်လာရတဲ့အကြောင်းက ယခုနှစ် နိုဝင်ဘာလထဲမှာ ရွှေလီစီမံချက်ဆိုပြီး မူးယစ်တားဆီး နှိမ်နင်းရေး ဗဟိုဌာနချုပ်က ရဲတပ်ဖွဲ့တွေနဲ့ နယ်မြေခံ မူးယစ်တား ဆီးနှိမ်နင်းရေးတပ်ဖွဲ့တွေ၊ လုံခြုံရေးအရ သွားရောက်ဖို့ ခက်ခဲတဲ့ နေရာတွေမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတွေ ပါဝင်ပူးပေါင်းပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းတာမျိုး ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးများစွာအပြင် ဘိန်းချက်စခန်းတစ်ခုကို ဖမ်းဆီးရမိခဲ့တာ ကြောင့်လို့ သိရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီစစ်ဆင်ရေး စီမံချက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အမြောက်အမြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ စီမံချက်ကာလ နိုဝင်ဘာလ တစ်လလုံးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတန်ဖိုး ကျပ်သန်းပေါင်း ၆၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အထူးစီမံချက်ချပြီး ဆောင်ရွက်တာကို တခြားဒေသတွေမှာလည်း သတင်းရရှိတဲ့အပေါ် မူတည်ပြီး ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။ ရဲမှူးရဲနိုင်က “မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းဖို့ အခက်အခဲ အားနည်းချက်တွေကတော့ ရှိနေသေးတယ်၊ မူးယစ်ဆေးဝါးလုပ်သူတွေက လက်နက်နဲ့ အကာအကွယ်ယူတယ်၊ မလုံခြုံတဲ့ဧရိယာတွေကို အသုံးပြု၊ လုံခြုံရေး မဆောင်ရွက်နိုင်တဲ့ နေရာတွေကို အသုံးပြုတယ်၊ ကုန်စည်စီးဆင်းမှုတွေအပေါ်မှာလဲ စစ်ဆေးဆောင်ရွက်ရတဲ့ အခါမှာ အပြည့်အဝ မဆောင်ရွက်နိုင်သေးဘူး” လို့ သူ့အမြင်ကို ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
khit lu nge