စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော

ပို့စ်တင်ချိန် - 1/03/2014 03:20:00 PM




ရေးသားသူ- မြင့်မိုရ်ဆွေ

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်က ရန်ကုန်မြို့ကို သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခဲ့ရာမှာ “ဒါသင့်မြို့တော် သန့်ရှင်းမှုဖြင့်ကူညီပါ”ဆိုတဲ့ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဆောင်ပုဒ်က တိုတိုနဲ့ထိထိမိမိရှိလှတဲ့အတွက် ယနေ့ထက်တိုင်အောင် သမိုင်းကို သိမီခဲ့ကြတဲ့ ပုဂ္ဂိုလ်များအားလုံးရဲ့ရင်ထဲမှာစွဲပြီး နှုတ်ဖျားက အလွတ်ရနေကြတုန်းပါပဲ။ ယနေ့မျက်မှောက်ခေတ်ကာလမှာ ရန်ကုန်မြို့ကြီးရဲ့အခြေအနေကို အမှန်အတိုင်းထင်ဟပ်တဲ့ အလားတူ ဆောင်ပုဒ်ကောင်းကောင်းတစ်ပုဒ် ရေးသားဖော်ပြပါဆိုရင် “ဒါကျူးမြို့တော်- ထိပ်တိုက်တွေ့မှုရှောင်ပါ”လို့ ရေးရမလိုဖြစ်နေပါပြီ။

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၁၂-၁၃ မှာ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၃-၁၄ မှာ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း ကမ္ဘာ့ဘဏ်ရဲ့ နှစ်လယ်အစီရင်ခံစာအရ သိရှိရပါတယ်။ ရန်ကုန်မြို့ရဲ့ ကျူးကျော်တိုးပွားနှုန်းဟာ ကိန်းဂဏန်းအတိအကျမရှိပေမယ့် ငွေကြေးဖောင်းပွမှုနှုန်းထက် များစွာသာလွန်မှာသေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ငွေစက္ကူအသစ်များကို စက်နဲ့ရိုက်ထုတ်သလို တစ်လအတွင်း ကျူးကျော်တဲအိမ်များတိုးပွားမှုဟာ တချို့နေရာမှာ အလုံး ၁၀၀၀ ခန့်ရှိနေကြောင်းနဲ့ တချို့နေရာမှာ နှစ်ရက်အတွင်း အလုံး ၂၀၀ ခန့်အထိ စံချိန်တင်တိုးပွားနေကြောင်း ကြားသိနေရပါတယ်။ ဒီလိုတိုးပွားမှုနှုန်းဟာ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမြင့်မားဆုံးစံချိန်သစ်အဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

ကျူးကျော်သူများကို ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အမျိုးအစားလေးမျိုး ခွဲခြားလေ့ရှိကြပါတယ်။ ပထမအမျိုးအစားက အစစ်အမှန်ကျူး (Real squatter) ဖြစ်ပြီး ဒုတိယအမျိုးအစားက ကျူးမြေကို အရင်ရောက်ရှိပြီး နောင်မှရောက်ရှိသူတွေကို ပြန်ငှားစားတဲ့ အိမ်ငှားကျူး (Landlord squatter) ဖြစ်ပါတယ်။ တတိယအမျိုးအစားက စီးပွားဖြစ်ကျူး (Professional squatter)ဖြစ်ပြီး စတုတ္ထအမျိုးအစားက မင်းမဲ့စရိုက်ကျူး (Anarchistic squatter) ဖြစ်ပါတယ်။

ပထမအမျိုးအစားက မြို့ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေနဲ့ အလုပ်အကိုင်ကို အကြောင်းပြုပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူတွေ ပါဝင်ပါတယ်။ နေရေးဒုက္ခကို အမှန်တကယ်ခံစားနေကြရသူတွေကလည်း တစ်နေရာမှာ ကျူးလိုက်၊ အခွင့်အရေးယူလိုက်၊ နောက်တစ်နေရာမှာ ပြန်ဝင်လိုက်နဲ့ စီးပွားရေးအလုပ်တစ်ခုလို သဘောထားလုပ်ကိုင်နေသူတွေပါပဲ။ အိမ်ရာရှိပြီးသားသူတွေကပါ ရောနှောပါဝင်လေ့ရှိပါတယ်။ အဆိုးရွားဆုံးအမျိုးအစားကတော့ စတုတ္ထအမျိုးအစားဖြစ်ပြီး ကင်ဆာရောဂါနဲ့ နှိုင်းယှဉ်ပြောရရင် နောက်ဆုံးအဆင့် “ဥပဒေဓာတ်ရောင်ခြည်”မှအပ အခြားနည်းနဲ့ ကုစားဖြေရှင်းပေးဖို့ မလွယ်ကူတဲ့သူတွေဖြစ်ပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ကျူးကျော်နေထိုင်သူတွေမှာ အရင်က ပထမအမျိုးအစားကျူးများသာ အများစုဖြစ်နေရာက ၂၀၁၃ နှစ်ဆန်းကစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက်ကျူးတွေ နေရာအနှံ့မှာ အလုံးအရင်းနဲ့ မင်းမူလာတာ တွေ့ရပါတယ်။ အမှတ်တရ နောက်ကြောင်းပြန်ကောက်ရရင် ၂၀၁၃ ဇန်န၀ါရီ ၃၁ ရက်မှာ လှိုင်သာယာမြို့နယ်၊ အမှတ် (၅)ရပ်ကွက်အတွင်း ပြောင်ပြောင်တင်းတင်း အစုလိုက်အပြုံလိုက် ၀ါးလုံးတွေကို မော်တော်ကားနဲ့ သယ်ဆောင်လာပြီး အိမ်ရာတွေ ဆောက်လုပ်ကျူးကျော်တဲ့သူတွေဟာ တရားဥပဒေအရ အရေးယူဟန့်တားတဲ့ ၀န်ထမ်းများကို ကိုယ်ထိလက်ရောက် ရိုက်နှက်မောင်းထုတ်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ရန်ကုန်မြို့မှာ “မင်းမဲ့စရိုက်ကျူး” အမျိုးအစားကို စတင်မွေးဖွားခဲ့တာဖြစ်ပါတယ်။

၂၀၁၃ နိုဝင်ဘာလမှာတော့ ပန်းလှိုင်မြစ်မှာ သောင်ထွန်းလာတဲ့နေရာတွေနဲ့ တွံတေးကားလမ်းဘေးနေရာတွေမှာ အလုံးအရင်းနဲ့ ပြောင်ပြောင်တင်းတင်း ကျူးကျော်သူတွေ ထပ်မံပေါ်ပေါက်လာပြီး တစ်လတာအချိန်ကာလအတွင်း တဲအလုံးပေါင်း ၁၀၀၀ ကျော် ဆောက်လုပ်ခဲ့ကြောင်း သိရှိရပြန်ပါတယ်။ နောက်တစ်ခါ ၂၀၁၃ ခုနှစ် ခရစ္စမတ်နေ့ကို ကြိုဆိုသောအားဖြင့် လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် ရွှေလင်ပန်းချောင်းရဲ့ တောင်ဘက်ခြမ်း အစိုးရမြေပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်မှစပြီး နှစ်ရက်အတွင်း အလုံး ၂၀၀ ခန့် ကျူးကျော်ခဲ့ကြပြန်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်မှာ အဲဒီကျူးကျော်တဲတွေကို ဆက်လက်မဆောက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ဦးဆောင်ပြီး အင်အား ၅၀ ခန့်နဲ့ သွားရောက်တားမြစ်ခဲ့ကြောင်း သိရှိရပါတယ်။ တားမြစ်နေတဲ့ကြားထဲမှာပဲ ထပ်မံဆောက်လုပ်ထားတဲ့ တဲတွေကို ဖျက်သိမ်းဖို့ အသိပေးပြီး အခြေအနေအရပ်ရပ်ကို ၂၆.၁၂.၂၀၁၃ နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပြကြောင်းသိရှိရပါတယ်။ ကျူးကျော်သူတွေကလည်း တုတ်၊ ဓားများနဲ့ ကျူးကျော်တဲတွေ ဆောက်လုပ်နေတဲ့ လမ်းဝင်ပေါက်မှာ လုံခြုံရေးရယူထားကြတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၆ ရက် ညနေမှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိအကျမရသေးလို့ ၀င်ရောက်ဖျက်သိမ်းပြီး ဖမ်းဆီးအရေးယူမှုများ ရပ်ဆိုင်းထားကြောင်းနဲ့ ဥပဒေအရ တရားစွဲဆိုအရေးယူမယ်လို့သာ တာဝန်ရှိသူအချို့က ပြောကြားကြောင်း ကြားသိရပြန်ပါတယ်။ (အဲဒါကို ထိပ်တိုက်တွေ့ဆုံမှုမပြုတာလို့ အချို့ကပြောကြပါတယ်)

စာရေးသူဟာ ဥပဒေပညာရှင်မဟုတ်ပါဘူး။ ဒါပေမဲ့ အစိုးရမြေပေါ် ၀င်ရောက်ကျူးကျော်သူတွေကို အရေးယူရာမှာ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ဥပဒေများကို လက်လှမ်းမီသမျှ လေ့လာကြည့်ရာမှာ ဥပဒေသုံးမျိုးရှိကြောင်း တွေ့ရှိရပါတယ်။

(က) အောက်မြန်မာနိုင်ငံ မြို့နှင့်ရွာမြေ အက်ဥပဒေပုဒ်မ ၂၁ (၁)၊ ၂၁ (၂)၊ ၂၁ (၃)
(ခ) အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်အက်ဥပဒေပုဒ်မ ၅၂(၂)
(ဂ) ပြစ်မှုဆိုင်ရာဥပဒေပုဒ် မ ၄၄၇

အထက်ပါသုံးမျိုးမှာ ပထမဆုံးတစ်မျိုးက နို့တစ်ထုတ်ပြန်ပြီး နို့တစ်ရက်လွန်တာနဲ့ ၀ရမ်းထုတ်ဖမ်းဆီးခြင်း၊ အိမ်ကိုဖျက်ဆီးခြင်း ပြုနိုင်ပါတယ်။ လုပ်ပိုင်ခွင့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ရှိပါတယ်။ အမြန်ဆုံး အကျိုးသက်ရောက်မှုရှိတဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။ ဒုတိယနည်းလမ်းက တရားမမှုနဲ့စွဲတာဖြစ်လို့ အချိန်ကြာမြင့်မှာဖြစ်ကြောင်း သိရပါတယ်။ တတိယနည်းလမ်းက ရာဇ၀တ်မကင်းသော ကျော်နင်းမှုအဖြစ် အရေးယူခြင်းဖြစ်ပါတယ်။ မိသားစုအားလုံးကို တရားစွဲဆိုရမှာဖြစ်ပြီး ရဲလုပ်ထုံးလုပ်နည်း၊ တရားရုံးလုပ်ထုံးလုပ်နည်းအရ အနည်းဆုံး အချိန်ကာလ နှစ်လ သုံးလတန်သည် ကြာမြင့်နိုင်ပါတယ်။ ကျူးကျော်သူတွေကို အရေးယူရာမှာ တရားမကြောင်းအရစွဲစွဲ၊ ရာဇ၀တ်ကြောင်းအရစွဲစွဲ၊ ပထမဆုံးနည်းလမ်းလိုတော့ လုံးဝမမြန်ပါဘူး။ စီမံခန့်ခွဲရေးနည်းလမ်းအရဖြစ်ပြီး တရားမစွဲဘဲ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်တဲ့နည်းလမ်းဖြစ်လို့ “မင်းမဲ့စရိုက်ကျူး”များအတွက် အထူးသင့်လျော်ဆုံးလို့ ထင်မြင်မိပါတယ်။

အကယ်၍ အထိရောက်ဆုံးနည်းလမ်းကို မကျင့်သုံးတော့ဘူးဆိုရင် “မင်းမဲ့စရိုက်ကျူး”တွေဟာ ပိုမိုပြီးတိုးပွားလာမှာစိုးရိမ်မိပါတယ်။ နောက်ပြီး အစိုးရမြေတွေရှိပါလျက် အမှုတွေတန်းလန်းနဲ့ ဘာစီမံကိန်းမျှလုပ်လို့မရတော့မှာကိုလည်း အလွန်စိုးရိမ်မိပါတယ်။ စာရေးသူတွေးမိတဲ့ အချက်တစ်ချက်က ဆီးဂိမ်းကြီးပြီးတာနဲ့ ပတ်ဆောင်ဟွာနဲ့ Head to Head (ထိပ်တိုက်တွေ့မှု)ဆိုတဲ့စကားတွေကို လုံးဝမကြားချင်လောက်အောင် ခံစားရတဲ့အထဲမှာ ရန်ကုန်တိုင်းဒေသကြီးက တာဝန်ရှိသူတွေပါ ပါဝင်ပြီး တရားစွဲမယ်ဆိုတဲ့ နည်းလမ်းကိုသာ ဆုပ်ကိုင်နေပြီလားလို့ တွေးမိပြန်ပါတယ်။ အမှုဖွင့်တရားစွဲရင် အမှုတွေကများ၊ စွဲဆိုရမယ့် တရားခံအမည်ကို ဖော်ထုတ်ဖို့လည်းမလွယ်၊ တရားရုံးမှာ ရှေ့နေတွေနဲ့ လူတွေစုဝေးပြီး “တစ်ပူပေါ်နှစ်ပူဆင့်”ဆိုသလို ထိန်းရသိမ်းရခက်မယ့် အနေအထားတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသတိထားဖို့ အချက်တစ်ရပ်ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရွေးကောက်ပွဲနီးလာပြီဆိုရင် ကျူးတွေဆီက မဲလိုချင်လို့ အချို့အတိုက်အခံပါတီတွေက ကျူးတွေကို မြှောက်ပေးလေ့ရှိကြပါတယ်။

အာဏာရပါတီက လူကြီးတွေကလည်း သူတို့ပါတီမဲရှုံးမှာစိုးလို့ ကျူးတွေကို သိပ်ပြီးထိထိရောက်ရောက် အရေးယူလေ့မရှိတော့ပါဘူး။ အဲဒီလိုအခြေအနေနဲ့ အချိန်အခါဟာ ကျူးတွေအတွက် မင်္ဂလာအခါတော်ဖြစ်တာမို့ “ကျူးတို့ရဲ့မာယာ”ကို အထူးသတ ပြုစောင့်ကြည့်ကြဖို့လည်း လိုအပ်ပါတယ်။ ရွေးကောက်ပွဲအသစ် ကျင်းပမယ့် ၂၀၁၅ ကလည်း တဖြည်းဖြည်းနီးလာပါပြီ။

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှာ ကျူးတွေပြန်ဆောက်ထားတာ စုစုပေါင်းနေအိမ်အလုံး ၃၀၀ ခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီမှာ ထရန်စဖော်မာတည်ဆောက်မယ့်မြေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ရန်ကုန်- ညောင်တုန်းလမ်းမကြီးလက်ဝဲဘက် လှိုင်သာယာစက်မှုဇုန်တစ်လျှောက် ကျူးကျော်အိမ်ရာတွေများစွာ တည်ရှိနေရုံမျှမက လှိုင်သာယာမြို့ စက်မှုဇုန် (၁)(၂)(၃)(၄) နဲ့ ရွှေလင်ပန်းစက်မှုဇုန်မှာ လမ်းဘေးက စက်ရုံတွေနဲ့ အုတ်ခြံစည်းရိုးတွေကို နောက်ကျောပေးပြီး ကျူးကျော်တဲတွေ ဆောက်ထားတာကို အခုအချိန်အထိ အရေးယူမယ့်သူမရှိပါဘူး။ အမှန်က လက်ရှိကို မဖျက်နိုင်သည့်တိုင်အောင် နောက်ထပ်တိုး၍တိုး၍ ၀င်မလာအောင် ကာကွယ်ထိန်းသိမ်းနိုင်ဖို့တော့ အားထည့်ကြစေချင်ပါတယ်။ မီးဘေးအန္တရာယ်ကို နွေရာသီမှာ အကြီးအကျယ်ကြုံတွေ့နိုင်ပါတယ်။ စက်မှုဇုန်ရေမြောင်းထဲကို အညစ်အကြေးတွေ စွန့်ကြတော့ နိုင်ငံခြားသားတွေက အထင်အမြင်သေးပြီး နှာခေါင်းရှုံ့နေကြမှာ အမှန်ပါပဲ။

အမှန်တော့ ဥပဒေအရ အရေးယူမှုဟာ စည်းမဲ့ကမ်းမဲ့ “မင်းမဲ့စရိုက်ဆန်”တဲ့ ကျူးတွေရဲ့လုပ်ရပ်ကို ထိထိရောက်ရောက်ဟန့်တားဖို့ ဦးတည်ဆောင်ရွက်တာဖြစ်ပြီး ရေတိုရေရှည်မှာ အိမ်ရာမဲ့ပြည်သူတိုင်း အမိုးအကာရရှိရေးကို နည်းဗျူဟာအမျိုးမျိုး ချမှတ်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အခုအချိန်အထိ သမ္မတကြီးအကြိမ်ကြိမ်ပြောတဲ့ တန်ဖိုးနည်းအိမ်ရာဆိုတာလည်း မူးလို့တောင် ရှူစရာမရှိဖြစ်နေပါတယ်။ အထူးသဖြင့် လှိုင်သာယာလို နေရာမျိုးမှာ အရစ်ကျရောင်းချပေးမယ့် တန်ဖိုးနည်းအိမ်ရာသာမက အငှားအိမ်ရာတွေပါ အမြန်ဆုံးဆောက်လုပ်ပေးစေချင်ပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် မြို့ခံအိမ်ရာမဲ့တွေကိုသာ အဓိကဦးစားပေးမယ့် စီမံကိန်းဖြစ်ကြောင်းသိရင် ၀င်ရောက်ကျူးကျော်မှုတွေကိုလည်း ပြည်သူအချင်းချင်း ထိန်းကျောင်းဟန့်တားပေးကြမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကျူးကျော်သူတွေကို ဖယ်ရှားပြီး မြေကွက်ပြန်လည်ချထားပေးရင် ခေတ်အဆက်ဆက် အနိမ့်ဆုံးစံအဖြစ်ထားရှိတဲ့ ၂၀ ပေ x ၆၀ ပေ အကျယ်ထက် လုံးဝမလျော့သင့်ပါဘူး။ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မှာ ချထားပေးတဲ့ ၁၀ ပေ x ၆၀ ပေ၊ ၂၀ ပေ x ၃၀ ပေ မြေကွက်တွေကြောင့် လက်ရှိအစိုးရလက်ထက်မှာ စံနှုန်းကိုဖျက်ပြီး ပေးတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းကြီး မကျန်ရစ်ခဲ့စေချင်ပါဘူး။

တချို့က တန်ဖိုးနည်းအိမ်ရာတွေဆောက်ဖို့ ပြည်ထောင်စုအစိုးရမှာ ငွေလိုနေတယ်လို့ ပြောကြပါတယ်။ တိုင်းဒေသကြီးအစိုးရဘတ်ဂျက်မှာလည်း လိုငွေပြနေလို့ အခက်ကြုံနေပြီဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ အဲဒီလိုဖြစ်နေတာမှန်ရင် မြို့သစ်က စုဆောင်းငွေ အသင့်အတင့်ရှိတဲ့ မိသားစုတွေထံက ကြိုပွိုင့်ယူပြီး အရစ်ကျငွေသွင်းစနစ်နဲ့ ဆောက်ပေးဖို့ အကြံပေးချင်ပါတယ်။ ၁၉၉၈ ခုနှစ်က လှိုင်သာယာမြို့ ကျန်စစ်သားအိမ်ရာနဲ့ ဗိုလ်အောင်ကျော်အိမ်ရာကို အဲဒီလိုကြိုပွိုင့်စနစ်နဲ့ အခန်းထောင်ချီပြီး ဆောက်လုပ်ခဲ့တာ လေ့လာတွေ့ရှိနိုင်ပါတယ်။ ၀င်ငွေအလယ်အလတ်ရှိသူတွေအတွက် အိမ်ရာတွေတိုးလာရင်လည်း အိမ်ခန်းဈေးနဲ့ ငှားရမ်းခနှုန်းထားတွေ အထိုက်အလျောက်ကျဆင်းလာမှာ အလွန်သေချာလှပါတယ်။

ဥပဒေပိုင်းက ဆောင်ရွက်မှုအားနည်း၊ ဖြည့်ဆည်းမှု(supply) အပိုင်းကလည်း လုံးဝအားကိုးလို့မရ၊ မြို့မြေကိုလည်းမတိုးချဲ့နိုင်၊ ညှပ်ပူးညှပ်ပိတ်ဖြစ်နေတဲ့ အခြေအနေမှာ ရှိစုမဲ့စု လက်ကျန်မြေကွက်တွေအတွင်း ပြောင်ပြောင်တင်းတင်းတိုးဝင်လာတဲ့ ကျူးတွေကိုထိုင်ကြည့်ပြီး “ဒါ ကျူးမြို့တော်- ထိပ်တိုက်တွေ့မှုရှောင်ပါ”လို့ ဆောင်ပုဒ်မရေးလိုပါဘူးခင်ဗျာ။

7 Day News Journal