သတင်းထောက်များ ဆန္ဒပြမည်

ပို့စ်တင်ချိန် - 1/03/2014 07:45:00 AM

ရန်ကုန်၊ ဇန်နဝါရီ ၃။

Eleven Media မှ သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်သည် ရာဇသတ်ကြီး ပုဒ်မ – ၄၅၁(ပထမပိုင်း)၊ ပုဒ်မ-၂၉၄နှင့် ပုဒ်မ – ၅၀၀တို့ကို ကျူးလွန်သည်ဟု ဆိုကာ လွိုင်ကော်မြို့နယ် တရားရုံးမှ ထောင်ဒဏ်(၃)လ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း ထုတ်ဖော်ခြင်းကို မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) က  ဇန်နဝါရီ (၇)ရက်တွင် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမှ စတင်၍ Eleven Media  ရုံးအထိ ချီတက် ဆန္ဒပြသွားကြမည် ဖြစ်သည်။

ယင်းဆန္ဒပြရန်အတွက် လူဦးရေအယောက်(၂၀၀)ရာကို စာရင်းပေးသွင်းထားပြီး အနည်းဆုံး လူဦးရေး(၆၀)နှင့် (၈၀)ဦးတို့ ပါဝင် ဆန္ဒပြမည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းသို့ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ မြို့နယ် အသီးသီးမှလည်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက်မှ သတင်းထုတ်ပြန်ထားသည်။

Eleven Media မှ သတင်းထောက် နော်ခိုင်ခိုင်အေးချိုသည် အခင်းဖြစ်ရာည (၇)နာရီခန့်က ရှေ့နေဒေါ်အေးအေးဖြိုး၏ အိမ်သို့ အမှုသည်က တွေ့ဆုံရန် သွားရောက်ခဲ့ရာတွင် သတင်းထောက်မခိုင်သည် အဆိုပါအမှုသည်နှင့် လက်ဖက်ရည်ဆိုင်၌ တွေ့ဆုံမိကြပြီး ရှေ့နေ၏အိမ်သို့ လိုက်ပါသွားခဲ့ပြီး အမှုသည်နှင့်ရှေ့နေဒေါ်အေးအေးဖြိုးတို့ ရှေ့နေခ အရစ်ကျပေးခြင်းကို လက်ခံ- မခံပြောဆိုစဉ် မခိုင်ဟာ သူသည် Eldven Mediaမှ သတင်းထောက်ဖြစ်ကြောင်းပြောပြီး တရားသူကြီးများနှင့် ရှေ့နေများက ဆင်းရဲသားများထံမှ မတရားငွေညှစ်ယူခြင်းကို ဖော်ထုတ်ရန် ပြောရာမှနေ စတင်အချင်းဖြစ်အမှုပေါ်ပေါက်ခဲ့သည်။

ယင်းအချင်းဖြစ်အမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်ရာတွင် သက်သေခံချက်များအရ တရားခံသတင်းထောက် မခိုင်အပေါ် ရာဇသတ်ကြီးပုဒ်မ-၄၅၁(ပထမပိုင်း)၊ ပုဒ်မ-၅၀၀နှင့် ပုဒ်မ-၂၉၄(ခ) တို့ဖြင့် စွဲချက်တင် ဖြေရှင်းစေလျက် ယင်းပုဒ်မများဖြင့်ပင်လျှင် ပြစ်မှုထင်ရှား စီရင်ခဲ့သည်။

၎င်းစီရင်ချက်မှာ အိမ်ကျော်နင်းမှု ကျူလွန်ခြင်းဖြစ်၍ ရာဇသတ်ကြီးပုဒ်မ-၄၅၁(ပထမပိုင်း)ကို ကျူးလွန်ကြောင်း၊ အိမ်ရှေ့လမ်းမ ပေါ်မှ အော်ဟစ်ဆဲဆိုခြင်းဖြင့် ပုဒ်မ၂၉၄(ခ)ကို ကျူးလွန်ကြောင်း၊ လူတစ်ဦး၏ ဂုဏ်သရေကို ထိခိုက်ပြောဆို စွပ်စွဲခြင်း ဖြင့် ပုဒ်မ-၅၀၀ပြဌာန်းချက်ကို ကျူးလွန်ဖောက်ဖျက်ကြောင်း အမှုစစ်တရားသူကြီးက ကောက်ယူသုံးသပ်လျက် ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်းဖြစ်ကြောင်းကို ၎င်း၏စီရင်ချက် မိတ္တူတွင်ဖော်ပြချက်အရ တွေ့ရသည်။
ချစ်မင်းထွန်း
The Myanma Age