မွန်ပြည်နယ် လွှတ်တော်သစ်ရှေ့ အများပြည်သူ ဆန္ဒဖော်ထုတ်ရန် နေရာ ထားမည်

ပို့စ်တင်ချိန် - 1/03/2014 05:30:00 PM




မော်လမြိုင်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် လွှတ်တော်ရုံးသစ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သံလွင် ဥယျာဉ်ပန်းခြံဝင်းအတွင်း ရွှေ့ပြောင်း တည်ဆောက်ရာတွင် အများပြည်သူများ ဆန္ဒဖော်ထုတ်ရန် နေရာတစ်ခုကို ထားရှိပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ရေးရာ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ပြည်နယ် လွှတ်တော်ရုံးသည် ပြည်နယ်အစိုးရရုံး၏ အနောက်ဘက်တွင် တည်ရှိနေလျက်ရှိရာ လွှတ်တော်ရုံးသို့ အများပြည်သူ အဝင်အထွက်ပြုရန် အခက်အခဲများ ရှိသောကြောင့် ယခုလို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်က ချပေးမည့် ကျပ်သိန်း ၄၅၀၀ ကုန်ကျခံ တည်ဆောက်မည့် မွန်ပြည်နယ် လွှတ်တော်တွင် အစည်းအဝေးခန်းမမှာ ကျယ်ဝန်းလာမည် ဖြစ်သဖြင့် အစည်းအဝေးမှ ဆွေးနွေးချက်များ၊ မေးခွန်းများ၊ ဥပဒေကြမ်းများနှင့် အဆိုများကို ဝေဖန်လိုသူ စိတ်ဝင်စားသူ ပြည်သူများ လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အသစ်ဆောက်မယ့် လွှတ်တော်က သုံးထပ်အဆောင် တစ်ခုနဲ့ နှစ်ထပ်အဆောင် တစ်ခုဆိုတော့ နေရာကျယ်သွားပြီး။ အခုတော့ သံလွင်ဥယျာဉ်ထဲက စည်ပင်ပိုင် မြေနေရာကို ညှိနှိုင်းနေတယ်” ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေက ဆိုသည်။

သတ္တမအကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမပုံမှန် အစည်းဝေးအထိ လွှတ်တော်၏ နေရာအခက်အခဲ များကြောင့် လွှတ်တော်တွင် အများပြည်သူ တက်ရောက် နားထောင်ခွင့်များ မရရှိခဲ့သော်လည်း လာမည့် ရှစ်ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် နိုင်ငံရေး ပါတီတိုင်းမှ ပါတီဝင် နှစ်ဦးစီကို တက်ရောက် နားထောင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုထားသည်။

“လွှတ်တော်ရုံးဆိုတာ လူတန်းစား မခွဲခြားဘဲ ပြည်သူတွေနဲ့ အများဆုံး ထိတွေ့တဲ့ နေရာဖြစ်တယ်။ ပြည်သူတွေ့ရဲ့ အခက်အခဲတွေကို သူတို့ မဲပေးထားတဲ့ လွှတ်တော် အမတ်တွေဆီမှာ လာတောင်းဆို ရမယ်။ နောက်ဆုံး သူတို့ အခက်အခဲတွေကို ပြင်ပမှာ ဆန္ဒဖော်ထုတ်လို့ မရရင် လွှတ်တော်ရှေ့မှာ ဆန္ဒဖော်ထုတ်နိုင်အောင် ဆန္ဒဖော်ထုတ်တဲ့ နေရာကို စီစဉ်သွားမယ်” ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

The Voice Weekly Myanmar