တရားဥပဒေ စိုးမိုးရေး စင်တာများ မြန်မာနိုင်ငံရှိမြို့နယ် အားလုံးတွင် ဖွင့်လှစ်ရန် စတင်လုပ်ဆောင်

ပို့စ်တင်ချိန် - 1/03/2014 04:00:00 PM



တရားဥပဒေ စိုးမိုးမှု မရှိသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရသည်ဟု ဝေဖန်ခံနေရသော မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ရှိလာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်အားလုံးတွင် တရားဥပဒေ စိုးမိုးရေး စင်တာများ ဖွင့်လှစ်ရန် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီထံမှ သိရသည်။

ယင်းသို့ တရားဥပဒေ စိုးမိုးရေး စင်တာများ ဖွင့်လှစ်နိုင်ရေးအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ပြည်သူ့လွှတ်တော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီတို့ ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလမ်းရှိ ပြည်ထောင်စု လွှတ်တော်ရုံးခွဲတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် ၃၃၀ လုံးတွင် တရားဥပဒေ စိုးမိုးရေး စင်တာများ ဖွင့်လှစ်ရန် UNDP ကို အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ထပ်လောင်း ပြောဆိုသည်။
“ညှိနှိုင်းဆဲ အဆင့်ပဲ ရှိသေးတယ်။ UNDP က ကူညီမယ် မကူညီဘူး ဆုံးဖြတ်ချက် မချရသေးဘူး” ဟု ဦးဝင်းမြင့်က ရှင်းပြသည်။

တရားဥပဒေ စိုးမိုးရေး စင်တာများသည် တရားရေး အဖွဲ့အစည်းများ ဖြစ်သည့် တရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေ အရာရှိများနှင့် ရဲများကို စွမ်းရည်မြှင့်တင်မည် ဖြစ်ပြီး EU မှ ကျွမ်းကျင်ပညာရှင်များ လာရောက် ပို့ချမည် ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ထုတ်ပြန် ကြေညာထားသည်။

ယင်းကော်မတီသည် ၂၀၁၃ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ မြို့ကြီးများရှိ တရားရုံးများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီက တရားဥပဒေ စိုးမိုးရေး နှစ်ပတ်လည် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါ အစီရင်ခံစာအတွင်း ဥပဒေ အားနည်းချက် များကြောင့် ပြည်သူများ နစ်နာနေ ကြောင်း၊ လယ်ယာမြေများ ဥပဒေမဲ့ အသိမ်းခံရသည့်အပြင် လယ်ပိုင်ရှင်များကို ကျူးကျော်မှုနဲ့ ထပ်မံ တရားစွဲခြင်းများ ရှိကြောင်းနှင့် တရားရေး ဝန်ထမ်းများ အဂတိ လိုက်စားမှုများ ရှိကြောင်း ထည့်သွင်း ဖော်ပြထားသည်။

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီကို ၂၀၁၂ ခုနှစ် အတွင်းတွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည်။

The Voice Weekly Myanmar