Eleven Media Group ၏ သတင်းထောက်မခိုင် အမှုနှင့် ပတ်သက်၍ လွိုင်ကော်ခရိုင် တရားသူကြီးရုံးသို့ အယူခံတင်သွင်း

ပို့စ်တင်ချိန် - 1/03/2014 10:30:00 PM


လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက်မခိုင် (ခ) နော်ခိုင်ခိုင်အေးချိုအား ထောင်ဒဏ်ချမှတ်ထားမှုနှင့် ပတ်သက်၍ ဇန်န၀ါရီ ၂ ရက်တွင် လွိုင်ကော်ခရိုင် တရားသူကြီးရုံးသို့ ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် (၃/၂၀၁၄) ဖြင့် အယူခံတင်သွင်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၅၄ အရ ပြစ်မှုဆိုင်ရာ အယူခံတင်သွင်းခြင်းဖြစ်ပြီး အယူခံ တင်သွင်းရာတွင် အမှုဖြစ်စဉ် အကျဉ်းနှင့်အတူ အယူခံ အကြောင်းပြချက် ခြောက်ချက်ဖြင့် တင်သွင်းခဲ့ကြောင်း သိရသည်။  အယူခံ တင်သွင်းချက်များအနက် ‘....လိုပြသက်သေ ဦးအောင်ရှိန် ရုံးရှေ့ထွက်ဆိုရာတွင် “ရုံးရှေ့စွပ်စွဲခံရသူ မနော်ခိုင်ခိုင်အေးချိုမှ ကျွန်တော့်အား Eleven Journal သတင်းထောက်တစ်ဦးဖြစ်ကြောင်း၊ ၎င်းမှကိုယ်တိုင် မိတ်ဆက်စကား ပြောခဲ့ပါသည်။ ကျွန်တော်က လာရင်းကိစ္စပြောပါဟုပြောရာ ကျွန်မက Eleven Journal  Reporter တစ်ဦးဖြစ်ကြောင်းပြောပြီး မခိုင်က ရှေ့နေက ရှေ့နေခ ဘယ်လောက်တောင်းသလဲဟုမေးရာ တရားလိုက ရှင်မေးရမယ့်ကိစ္စ မဟုတ်ဘူးဟု ပြန်ပြောပါသည်” ဟု ထွက်ဆိုပါသည်။

ယင်းအတွက်ကြောင့် အယူခံတရားလိုသည် သတင်းထောက်တစ်ဦး ဖြစ်သည့်အတွက် သတင်းထောက်တို့၏ ကျင့်ဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းမှာ ပေါ်လွင်ထင်ရှား နေပါသော်လည်း မူလမြို့နယ် တရားရုံးတော်က ယင်းအချက်နှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းသည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း၊ မှားယွင်းလျက် ရှိနေပါသည်။’ ဟု ထည့်သွင်းထားကြောင်း သိရပါသည်။

ထို့ပြင် “၅။ အယူခံ တရားလိုသည် အယူခံတရားခံ (၂) ထံမှ သတင်းရယူခြင်းနှင့် ပတ်သက်၍ အယူခံတရားခံ (၂)က ဒီအိမ်ကို ဘာအိမ်ထင်လို့လဲဟု လည်းကောင်း၊ ၎င်းခင်ပွန်းမှာ လွိုင်ကော် စ.ရ.ဖ မှ အရာရှိတစ်ဦးဖြစ်ကြောင်းဟု လည်းကောင်း၊ လိုပြသက်သေ ဦးအောင်ရှိန်မှ NLD ပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌ၊ ဂေါပကလူကြီး၊ မှုခင်းရှုထောင့် သတင်းဂျာနယ် (ပြည်နယ်တွဲဖက် တာဝန်ခံ) ဟုပြောဆို၍ ထွက်သွားရန် ပြောဆိုချက်အပေါ် အယူခံ တရားလိုက အယူခံ တရားခံ (၂)အိမ်ပေါ်မှ ထွက်လာခဲ့ရခြင်း အခြေအနေတွင် လိုပြသက်သေ ဒေါ်ပြုံးပြုံးအေး၏ ထွက်ဆိုချက်တွင် အယူခံတရားလိုက အော်ဟစ်ဆဲဆိုကြောင်း ပေါ်ပေါက်ခြင်း မရှိပါ။ ၎င်းအပြင် ကြုံကြိုက်သက်သေ တစ်ဦးဖြစ်သူ ဦးသော်တာသိန်း၏ ထွက်ဆိုချက်ကို အလွယ်တကူ လက်ခံစဉ်းစား၍ အယူခံ တရားလိုအပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းသည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း မှားယွင်းလျက် ရှိနေပါသည်။

၆။ အယူခံတရားခံ (၂) သည် ဦးသော်တာသိန်း၏ ညွှန်ကြားချက်အရ ဦးသန့်ဇော်ဝင်းထံ အကြောင်းကြားစာပေးပို့၍ နစ်နာကြေး ငွေသိန်း (၂၀) တိတိကို တောင်းဆိုခဲ့သည်မှာ အငြင်းမပွား ပေါ်ပေါက်ပါသည်။
ယင်းသို့ဆိုလျှင် ဦးသော်တာသိန်း၏ အကျိုးကို ဆောင်ရွက်သော ရှေ့နေမှာ အယူခံတရားခံ (၂)ဖြစ်ပြီး ဦးသန့်ဇော်ဝင်းသည် အယူခံတရားခံ (၂)၏ တစ်ဖက်အမှုသည် (ဆန့်ကျင်ဘက်အမှုသည်) တစ်ဦးဖြစ်သည်မှာ အထင်အရှား ပေါ်ပေါက်ပါသည်။

သို့ဖြစ်ရာ ဦးသော်တာသိန်းဘက်မှ လိုက်ပါဆောင်ရွက်သူ အယူခံတရားခံ (၂) အနေဖြင့် မိမိ၏ အကျိုးဆောင်ခ (ရှေ့နေခ) ကို မိမိ၏ အမှုသည်ဖြစ်သူ ဦးသော်တာသိန်းထံမှသာ ရရှိရန် တာဝန်ရှိပြီး ဦးသန့်ဇော်ဝင်းကဲ့သို့သော တစ်ဖက်အမှုသည် (ဆန့်ကျင်ဘက် အမှုသည်) ထံမှ မိမိ၏ အကျိုးဆောင်ခကို လက်ခံရယူခြင်းသည် ရှေ့နေရှေ့ရပ်များ ထားရှိသည့် ကျင့်ဝတ်နှင့် ညီညွတ်ခြင်းရှိကြောင်း တစ်ထစ်ချ ကောက်ယူနိုင်ခြင်း မရှိသည့် အခြေအနေ ဖြစ်ပါသည်။

ယင်းကဲ့သို့ အခြေအနေတွင် အယူခံတရားလို၏ ပြုမူပြောဆိုပြုလုပ်မှုသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၉ ၏ န၀မ ကင်းလွတ်ချက်တွင် အကျုံးဝင်ပါသော်လည်း မူလမြို့နယ် တရားရုံးတော်သည် အဆိုပါအချက်နှင့် ပတ်သက်၍ ထည့်သွင်းသုံးသပ်ခဲ့ခြင်းမရှိဘဲ အယူခံတရားလိုအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အလုပ်မဲ့ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ခြင်းသည် ဥပဒေအရ လည်းကောင်း၊ အကြောင်းခြင်းရာအရ လည်းကောင်း မှားယွင်းလျက် ရှိနေပါသည်။  သို့ဖြစ်ပါ၍ -
-    ဤအယူခံအမှုကို လက်ခံပေးပါရန်
-    မူလရုံးအမှုတွဲအား တောင်းခေါ်၍
-    နှစ်ဖက်လျှောက်လဲချက် ကျယ်ကျယ်ပြန့်ပြန့်ကြားနာကာ
-    မူလလွိုင်ကော်မြို့နယ် တရားရုံးတော်၏ ပြစ်မှုကြီးမှုအမှတ် (၃၆၁၆/၂၀၁၃) တွင်(၁၇-၁၂-၂၀၁၃) ရက်နေ့က အယူခံတရားလိုအပေါ် ချမှတ်သော စီရင်ချက်အမိန့်ကို ပယ်ဖျက်၍ အယူခံတရားလိုအား အမှုမှ အပြီးအပြတ် လွှတ်ပေးပါရန် ရိုသေစွာ    လျှောက်ထားအပ်ပါသည်။” ဟူ၍ အယူခံ တင်သွင်းခဲ့ကြောင်း သိရပါသည်။

အယူခံတင်သွင်းမှုအား လွိုင်ကော်ခရိုင် တရားရုံးက လက်ခံခဲ့ပြီး အယူခံတင်သွင်းခြင်းနှင့် ပတ်သက်၍ သတင်းထောက် မခိုင်အား တရားစွဲဆိုခဲ့သူ ဒေါ်အေးအေးဖြိုးအား ဇန်န၀ါရီ ၁၀ ရက်တွင် ရုံးရှေ့လာရောက်ရန် ချိန်းဆိုထားကြောင်း အမှုအား လိုက်ပါဆောင်ရွက်လျက်ရှိသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်စိုးမိုးနှင့် အထက်တန်းရှေ့နေ ဦးဇော်မြင့်ထွန်းတို့ထံမှ သိရသည်။
eleven media group