ငွေ ၁၀ သိန်းပေးဖို့ တောင်းတယ်။ ၁၀ သိန်းပေးဖို့ မဖြစ်နိုင်ဘူးပြောတော့ သုံးသိန်းပေးဖို့ ထပ်မံတောင်းဆိုတယ်။ နောက်ဆုံး တောင်းတဲ့အချိန်မှာ ကျွန်တော်တို့ ရွာသားတွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ဒီကောင်တွေကို ဖမ်းဖို့ပေါ့

ပို့စ်တင်ချိန် - 1/03/2014 12:30:00 PM


 ခန္တီးမြို့ခံများအတွက် ဒေသအတွင်းတွင် ဆက်ကြေး ကောက်ခံမှုများမှာ ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပွားလာခြင်းအပေါ် စိုးရိမ်စိတ် တစ်ဆထက်တစ်ဆ ကြီးထွားလာသည်။

ခန္တီးမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မြို့နယ်တစ်မြို့နယ် ဖြစ်ပြီး အနောက်ဘက် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ခြင်း ဆက်စပ်နေသည်။ ယင်းသို့ ဆက်စပ်နေခြင်းကြောင့် ဒေသအတွင်း၌ အိန္ဒိယနိုင်ငံတွင်း အခြေချ လှုပ်ရှားမှု ပြုလျက်ရှိသော နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NNC) ရှိသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် ပဏာမ လက်မှတ် ရေးထိုးထားသည့် နာဂ လက်နက်ကိုင်တပ်ဖွဲ့ National Socialist Council NARGALAND (NSCNK -နာဂ ဆိုရှယ်လစ်ကောင်စီ) လည်း ရှိနေသည်။

“အခုဖြစ်နေတာက လက်မှတ် မထိုးထားတဲ့အဖွဲ့က ဆက်ကြေး တောင်းနေသလို လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ကလည်း ဆက်ကြေး တောင်းနေတာ။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမှန်းမသိဘူး ဖြစ်နေတယ်” ဟု ခန္တီးမြို့ခံတစ်ဦးက သုံးသပ် ပြောကြားသည်။

NSCNK နာဂလက်နက်ကိုင် တပ်ဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့က အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။

NSCNK တပ်ဖွဲ့တွင် တပ်သားနှင့် ယင်းမိသားစုဝင် ၁၃၀၀ ကျော် ရှိသည်ဟု ယင်းနာဂ လက်နက်ကိုင်တပ်ဖွဲ့ ခန္တီးအခြေစိုက် ဆက်ဆံရေးရုံးမှ တာဝန်ခံ ဦးကျော်ဝင်းဆွေက ပြောကြားသည်။

ခန္တီးမြို့မှ မိုင်အတန် အသင့်ဝေးသော ကျေးရွာနှစ်ရွာတွင် ဒီဇင်ဘာလ ဒုတိယပတ် အတွင်းက ဆက်ကြေး တောင်းခံမှု ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ဆိုသည်။

“အခုလ ၁၀ ရက်နေ့က ကျွန်တော်ဆီကို နာဂ လက်နက်ကိုင် တပ်ဖွဲ့က စာတစ်စောင် လူကြုံနဲ့ ပို့လာပါတယ်။ မနက်ဖြန် ရွာသို့ လာမယ်လို့ဆိုပြီး မနက် ၈ နာရီကျော်ကျော်မှာ ရွာရောက်လာတယ်။ ကျွန်တော်နဲ့တွေ့တော့ ငွေကျပ်သိန်း ၃၀ ပေးဖို့ တောင်းပါတယ်။ ကျွန်တော်က မပေး နိုင်ဘူးပြောတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ သူတို့အခြေချ နေထိုင်တဲ့ မယ်ပုပ် ကျေးရွာကို ဆင့်ခေါ်ပါတယ်။ ရွာရောက်တော့ ပထမ ၁၅ သိန်း တောင်းတယ်။ နောက် ၁၀ သိန်းတောင်းတယ်။ မပေးနိုင်ဘူး၊ ပေးစရာ မရှိဘူးဆိုတော့ သုံးသိန်းပေးဖို့ ထပ်ပြောတယ်။ နောက်ဆုံး ဒီဇင်ဘာ ၁၃ ရက်နေ့ ထပ်ချိန်းတယ်။ ကျွန်တော်တို့ရွာက ဒေသခံတွေအနေနဲ့ ပေးစရာလည်း မရှိဘူး” ဟု ခန္တီးမြို့နယ် ကျကိုက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ညိုက ရှင်းပြသည်။

ယင်းကျေးရွာသည် ခန္တီးမြို့၏ အောက်ဘက် ချင်းတွင်းမြစ်ဘေး၌ ရှိပြီး နာဂလက်နက်ကိုင် တပ်ဖွဲ့က ဆက်ကြေး ကောက်ယူမှုသည် တစ်လကျော်ကျော် ကာလအတွင်း နှစ်ကြိမ်ရှိနေပြီ ဖြစ်ကြောင်း ကျကိုက်ကျေးရွာ ဒေသခံများက ဆိုသည်။

“အဲဒီတုန်းက အဖြစ်အပျက်က ဗီဒီယို ရိုက်လို့ရတယ်” ဟု ခန္တီးမြို့ မြို့မ ကျောင်းတိုက်မှ ရဟန်းတစ်ပါးက အပြုံးဖြင့် ဆိုသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းအချိန်တွင် နာဂလက်နက်ကိုင် တပ်ဖွဲ့မှ တပ်သားသုံးဦး ကျကိုက်ကျေးရွာသို့ ဆက်ကြေးကောက်ရန် ရောက်လာသည်ဟု ဆိုသည်။

“ငွေ ၁၀ သိန်းပေးဖို့ တောင်းတယ်။ ၁၀ သိန်းပေးဖို့ မဖြစ်နိုင်ဘူးပြောတော့ သုံးသိန်းပေးဖို့ ထပ်မံတောင်းဆိုတယ်။ နောက်ဆုံး တောင်းတဲ့အချိန်မှာ ကျွန်တော်တို့ ရွာသားတွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ ဒီကောင်တွေကို ဖမ်းဖို့ပေါ့” ဟု ဦးတင်ညိုက ဆိုသည်။

ယင်းသို့ဆက်ကြေး တောင်းနေသဖြင့် ရွာနှင့် အတော်အသင့်ဝေးသည် ရဲကင်းသို့ သွားရောက် အကြောင်းရာ ကြောက်ရွံ့၍ မလိုက်နိုင်ကြောင်း ငြင်းဆန်ခဲ့သည်ဟု ဒေသခံများက မချိတင်ကဲ ပြောသည်။

ယင်းနာဂ လက်နက်ကိုင်တပ်ဖွဲ့ဝင် သုံးဦးသည် ဦးတင်ညို၏ အိမ်အပေါ်ထပ်တွင် ရှိနေပြီး ရွာသားများက စည်းဝါး တိုက်ထားသည့်အတိုင်း လူအသုတ်လိုက် ဆက်ကြေး ငွေပေးကြသည်။ နောက်ဆုံးအသုတ် ငွေလာပေးသည့် အချိန်တွင် ယင်းအိမ် အပေါ်ထပ်တွင် ရွာသားများ အတော်အသင့် စုမိနေပြီ ဖြစ်သည်။ နောက်ဆုံးတွင် ရွာသားများက နာဂတပ်သား သုံးဦးကို လက်ရ ဖမ်းဆီးပြီး ရဲလက်ကို အပ်လိုက်သည်။

“ဒီကောင်တွေကို ထိပ်တုံးထဲမှာ ထည့်ထားပြီးမှ ရဲရောက်လာတယ်” ဟု ကျကိုက်ရွာသားများက တညီတညွတ်တည်း ပြောကြားသည်။

“ဗီဒီယို ဇာတ်လမ်းတွေထဲကလို ပွဲပြီးမှ ရဲရောက်လာတာပေါ့” ဟု ဦးတင်ညိုက ရယ်ပွဲဖွဲ့ ပြောဆိုသည်။

ယင်းနာဂတပ်သား သုံးဦးကို တရားရုံးတွင် အမှုဖွင့် စစ်ဆေးပြီး ကြေးနန်း အက်ဥပဒေ၊ မတရားအသင်း အက်ဥပဒေအရ ထောင်ခြောက်နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ဦးတင်ညိုတို့ ကျကိုက်ကျေးရွာနည်းတူ ချင်းတွင်းမြစ်ဘေးက အနောက်ကောက် တောင်းကျေးရွာ၌လည်း နာဂ လက်နက်ကိုင် တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့က လာရောက်၍ ဆက်ကြေး တောင်းယူမှုများရှိရာ ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူးထံ သွားရောက် အကူအညီတောင်းရာ မည်သည့် မှတ်ချက်မျှ မရရှိခဲ့ဟု အနောက်ကောင်းတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ရင်ဖွင့်သည်။

လတ်တလောတွင် ခန္တီးမြို့နှင့် ချင်းတွင်းမြစ် အထက်ပိုင်း ပြေးဆွဲနေသော ရေယာဉ်များတွင်လည်း ဆက်ကြေး တောင်းခံမှုများ ရှိကြောင်း ရေယာဉ်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

“ခန္တီးကနေ မြစ်အထက်ပိုင်း ပြေးဆွဲနေတဲ့ ရေယာဉ်အသင်း ၁၃ သင်း ရှိပါတယ်။ ရေယာဉ်တစ်သင်းကို (ကျပ်) နှစ်သိန်း ပေးရပါမယ်။ ဒီဇင်ဘာလ နောက်ဆုံးလို့ သိရပါတယ်။ တချို့အသင်းတွေလည်း ပေးပြီးပါပြီ” ဟု ရေယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းသို့ ဆက်ကြေး တောင်းခံရသော ရေယာဉ်များမှာ ခန္တီး-တိုက်တီး-ဝမ်းပလာ ပြေးဆွဲနေသည့် ရွှေတိုင်းနဒီစိုး၊ သလ္လာ ရွှေရည်၊ ဥရုသလ္လာ၊ သလ္လာနဒီ၊ ထူးစံလင်း၊ ရွှေစင်ဦး၊ ရွှေပီနောင်၊ ရွှေပစ်တိုင်းထောင် သီဟရာဇာ ရွှေစင်ဟိန်း၊ ဌေးနီမြတ်ခိုင်ကျော်၊ လာဘ်မိုးစွေနှင့် သိန်းသန်းဝေတို့ ဖြစ်သည်။

“ဘာအတွက် ကောက်တယ်ဆိုတဲ့ ဘောက်ချာရရင်တော့ ငွေပေးမယ်” ဟု ၎င်းဆက်လက်ပြောသည်။ နာဂလက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ ဒေသခံပြည်သူများထံ ဆက်ကြေး တောင်းခံမှုများ ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပွားခဲ့သည်။ ၂၀၁၃ ခုနှစ်က ခန္တီးမြို့နယ် နောက်ပဲကျေးရွာ၌ လည်းကောင်း၊ စက်တင်ဘာလ အတွင်းက ခန္တီးမြို့နယ် ကျကိုက်ကျေးရွာ၌ လည်းကောင်း လမင်းကျော်ဆိုင်ကို လည်းကောင်း ဓားပြဆန်ဆန် တောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

၎င်းအပြင် ၂၀၁၂ ခုနှစ် အတွင်းကလည်း ယင်းနာဂလက်နက်ကိုင် တပ်ဖွဲ့မှ ဗိုလ်မှူး ဗိုလ်ချုပ်အဆင့် ရှိသူဆိုသူများ အပါအဝင် တပ်ဖွဲ့ဝင် ကိုးဦးသည် ကျကိုက် ကောင်းဟိန်းရပ်နား ကျေးရွာဝန်းကျင် ရွှေ လုပ်ငန်းရှင်များထံမှ ဆက်ကြေး တောင်းယူမှု များရှိခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွင် မပါဝင်သောနေရာ (လိုက်ခေါ်ကျေးရွာအနီး) တွင် လက်နက်နှင့်တကွ စခန်းဖွင့်လှစ်သဖြင့် မတရားအသင်း အက်ဥပဒေအရ လည်းကောင်း၊ လက်နက်မှုဖြင့် လည်းကောင်း ပြစ်ဒဏ် အသီးသီးချခဲ့သည်။

ရေယာဉ်လုပ်ငန်းရှင် အချို့မှာ မည်သို့ပင် ဖြစ်စေကာမူ ဆက်ကြေး မပေးနိုင်ကြောင်း ပြောဆိုပြီး ငြိမ်းချမ်းရေးကို ခုတုံးလုပ် ဆက်ကြေး ကောက်မှုကြောင့် ဝေဖန်မှုများလည်း ရှိနေသည်။

“ငြိမ်းချမ်းရေးအတွက် လက်မှတ် မထိုးထားတဲ့ အချိန်တုန်းက ကောက်တယ် ဆိုတာကို ဘုန်းကြီးတို့အနေနဲ့ လက်ခံပါတယ်။ အခုဟာက ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးထားပြီးမှ ကောက်တာမျိုးကျ မဖြစ်သင့်ဘူး” ဟု ခန္တီးဒေသခံ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အခြားတစ်ဖက်တွင်လည်း ဆက်ကြေး ကောက်ရသည့် အကြောင်းရင်းကို နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK ) အဖွဲ့က ရှင်းလင်းပြောဆိုသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လမ်းကြောင်းများကို ကာကွယ်ရန် ချင်းတွင်းမြစ် အထက်ပိုင်း ကျောက်စိမ်းနှင့် တိုက်တီး ကျေးရွာတို့အကြား တကုန်းရွာတွင် ၁၅ ဦးပါ တပ်စိတ်တစ်စိတ် တပ်စွဲထားရပြီး ယင်းတပ်အတွက် ရိက္ခာလိုအပ်သဖြင့် ရေယာဉ်တစ်စီးကို ကျပ်နှစ်သိန်း ကောက်ခံရခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့မှ ခန္တီးဆက်ဆံရေးရုံး တာဝန်ခံ ဦးကျော်ဝင်းဆွေက ပြောကြားသည်။

“အခုတော့ ရေယာဉ်တစ်စီး နှစ်သိန်း မတောင်းတော့ပါဘူး။ သူတို့ သဒ္ဓါသလောက်တော့ ယူဖို့ ပြောထားပါတယ်” ဟု ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

နာဂလက်နက်ကိုင် တပ်ဖွဲ့ဝင်များ အနေနှင့် ဆက်ကြေး တောင်းခံ၍ မရကြောင်း ဖြစ်ပွားခဲ့သည် များမှာလည်း ဆက်ကြေး တောင်းခံခဲ့ခြင်း မဟုတ်ဘဲ အကူအညီ တောင်းခံခဲ့ခြင်းသာ ဖြစ်ကြောင်း ခန္တီး အခြေစိုက် စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မည်သို့ပင်ဆိုစေကာ ဒေသခံများ ရွှေလုပ်ကွက်များ လုပ်ငန်းရှင်များထံ စာပို့၍ လည်းကောင်း၊ တပ်ဖွဲ့ဝင်များ ကိုယ်တိုင်လာ၍ လည်းကောင်း ဆက်ကြေး ကောက်ခံမှုများ ပြုနေသည်မှာ အထင်အရှား ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ လက်နက်ကိုင် တပ်ဖွဲ့ဆိုတာ ဆက်ကြေး မကောက်ဘဲ လုပ်စားလို့ မရဘူး ရပ်တည်လို့ မရဘူး။ တိုင်းဒေသကြီးအစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့ အချိန်မှာ ဘာမလုပ်ရဘူး လုပ်ရတယ် ဆိုပေမယ့် ကျွန်တော်တို့မှာ တပ်အင်အား တပ်မိသားစု အင်အားကလည်း ရှိသေးတယ်။ ဘာနဲ့စားမှာလဲ။ အရင်တုန်းက ဒီအခွန်နဲ့ ရပ်တည်လာရတာ။ ဆက်ကြေးတွေ အခွန်တွေ မကောက်ရဘူးဆိုရင် ဘာနဲ့စားမှာလဲ” ဟု ဦးကျော်ဝင်းဆွေက ရှင်းပြသည်။

နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) အနေနှင့် တပ်ဖွဲ့ဝင်အချို့၏ ဆက်ကြေး ကောက်ခံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဆက်ကြေးငွေ ပြန်လည် ပေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့အဖွဲ့ အနေနဲ့ ၁၆ ကြိမ် ၁၇ ကြိမ်ခန့် ငွေပြန်ပေးခဲ့ပါတယ်” ဟု ဦးကျော်ဝင်းဆွေက ရှင်းပြသည်။

ယင်းသို့ ကောက်ခံမှုကြောင့် ဒေသခံများမှာ အကြောက်တရားဖြင့် နေထိုင်ရပြီး သက်ဆိုင်ရာ အာဏာပိုင်များထံသို့ သွားရောက် တိုင်ကြားသော်လည်း တာဝန်ယူမှု နည်းပါးကြောင်း ခန္တီးဒေသခံ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးကို သွားပြောပေမယ့် ဘာမှတာဝန်ယူပေးမှု မရှိပါဘူး” ဟု ခန္တီးမြို့နယ် အနောက်ကောက်တောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်လင်းက ပြောသည်။

ယင်းသို့ နာဂလက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဆက်ကြေး ကောက်ခံမှုသည် ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတွင် တာဝန်ရှိသည်ဟု ဒေသခံများက ယုံကြည်ကြသည်။

၎င်းက မြိုပေါ်ပြည်သူများနှင့် တွေ့ရာ၌ လည်းကောင်း၊ ကျေးရွာပြည်သူများနှင့် တွေ့ရာ၌ လည်းကောင်း၊ ဌာနဆိုင်ရာတွေနှင့် တွေ့ဆုံရာ၌ လည်းကောင်း၊ ငြိမ်းချမ်းရေးအဖွဲ့တွေဟာ နိုင်ငံတော်က ထောက်ပံ့မှုတွေ မပေးသေးလို့ ငွေကြေးအနည်းငယ် ကောက်ခံတာကို ခွင့်လွှတ်ပေးကြရန် ပြောကြားခဲ့သည်ဟု ခန္တီးမြို့ခံများက တညီတညွတ်တည်း ပြောကြားသည်။

ယင်းသို့ဆက်ကြေး တောင်းခံမှုများကို ကာကွယ်ရန်နှင့် ကျေးရွာလုံခြုံရေးကို ကာကွယ်ရန် အင်အား ၉၀ ဦးခန့် ပါဝင်သော ကျေးရွာ လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း ခန္တီးမြို့နယ် ကျကိုက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ညိုက ပြောကြားသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကားပါမစ် ကဲ့သို့သော ကိစ္စများဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ရပ်တည်မှုအရေး အစိုးရက ဆေးမြီးတိုဖြင့် ဖြေရှင်းနေချိန် မြန်မာ့အနောက်မြောက် တောင်တန်းများ ပေါ်က ဆက်ကြေးကိစ္စကလည်း သီးသန့် အဖြေတစ်ခုကို တောင်းဆိုနေသည်။

“ဒီရွာတွေမှာ အရင်တုန်းကလည်း ဆက်ကြေး တောင်းခဲ့တာပဲ။ တကယ်တမ်း အကူအညီ မတောင်းရဘူး၊ ဆက်ကြေး မတောင်းရဘူး မှန်ပါတယ်။ အခုဟာက တပ်အင်အားကို ပံပိုးရမှာ။ ပံ့ပိုးမှုမရှိတဲ့ အခါကျတော့ ခင်ဗျားမိသားစုပဲ ဖြစ်ဖြစ်၊ ကျွန်တော်မိသားစုပဲ ဖြစ်ဖြစ် အငတ်မခံနိုင်ဘူးဗျာ” ဟု ဦးကျော်ဝင်းဆွေက ခုခံပြောဆိုလေသည်။
The Voice Weekly Myanmar