သမဝါယမဘဏ် မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှု စသုံးနိုင်

ပို့စ်တင်ချိန် - 1/03/2014 04:30:00 PM





ရန်ကုန်၊ ဇန်နဝါရီ ၂

ငွေလွှဲပြောင်းခြင်းနှင့် အပ်ငွေ အတိုးနှုန်း ကြည့်ရှုခြင်းများ အပါအဝင် ဘဏ်ဝန်ဆောင်မှု အားလုံးကို အသုံးပြုနိုင်မည့် မိုဘိုင်းလ်ဘဏ် ဝန်ဆောင်မှု (Mobile Banking Service) ကို သမဝါယမဘဏ် (CB ဘဏ်) တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

မိုဘိုင်းလ်ဖုန်း ရှိရုံဖြင့် အသုံးပြနိုင်မည်ဖြစ်သော သမဝါယမဘဏ်၏ EASI Mobile Banking Services ကို သမဝါယမဘဏ်၏ ဘဏ်ခွဲတိုင်းတွင် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်၍ အသုံးပြုနိုင် ပြီဖြစ်ကြောင်းကို သမဝါယမဘဏ် လီမိတက် ရုံးချုပ်တွင် ပြုလုပ်သည့် CB Bank Easi MOBILE Banking Services မိတ်ဆက်ပွဲတွင် ၎င်းကပြောကြားခြင်း ဖြစ်သည်။

IOS၊ Andriod၊ Java၊ Windows စနစ်များဖြင် အသုံးပြုနိုင်မည့် အဆိုပါ ဝန်ဆောင်မှုကို အင်တာနက်ဖြင့် သုံးနိုင်သောစနစ်၊ အင်တာနက် မလိုအပ်ဘဲ ဖုန်းသတင်းတို စာပို့စနစ်ဖြင့် အသုံးပြုနိုင်သော စနစ်ဟူ၍ နှစ်မျိုးခွဲခြား ထားကြောင်း သမဝါယမဘဏ်ထံမှ သိရသည်။

ဆွန်ဇာလန်နိုင်ငံ အခြေစိုက် Temeos Banking Software Company လုံခြုံရေးစနစ် သုံးထားသည့် CB Bank Easi MOBILE Banking Services ကို အသုံးပြု၍ ငွေသွင်းငွေထုတ်ခြင်း၊ ငွေလွှဲခြင်းများကို သမဝါယ ဘဏ်ခွဲများတွင် သာမက ပိုမိုလွယ်ကူစေရန် အေးဂျင့်များမှ တစ်ဆင့် ဆောင်ရွက်နိုင်ပြီး လတ်တလောတွင် Future Star Trading ကုမ္ပဏီနှင့် ချိတ်ဆက်၍ ကမာရွတ်၊ ကျောက်တံတား၊ ရန်ကင်းမြို့နယ်နှင့် ပဲခူးမြို့တို့တွင် အေးဂျင့်ငါးခု ထားရှိကြောင်း သမဝါယမဘဏ်ထံမှ သိရသည်။