သမ္မတ၏ နှစ်သစ်ကူး ရေဒီယို မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားခြင်းသည် ပွင့်လင်းမြင်သာမှု မရှိဟုဆို

ပို့စ်တင်ချိန် - 1/03/2014 11:00:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်၌ ရေဒီယိုမှ တစ်ဆင့် ပြည်သူများသို့ ပြောကြားသော မိန့်ခွန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ၎င်း၏ သဘောထား ရပ်တည်ချက် အပိုင်း ၃ ခုကို ပြောကြားရာ၌ ပွင့်လင်း မြင်သာမှု မရှိဟု နိုင်ငံရေး အသိုင်းအ၀ိုင်းများက ဝေဖန် သုံးသပ်လျက် ရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် နှစ်သစ်ရေဒီယို မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အပိုင်း ၃ပိုင်း ပြောကြားရာ၌ အပိုင်း ၁ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် နိုင်ငံရေး ဆွေးနွေး ပွဲများအကြောင်း အပိုင်း ၂ ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေရန် လိုအပ်သ လို ပြင်ဆင်ရမည့် အပိုင်းနှင့် အပိုင်း ၃ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှု အကြောင်း စသည်ဖြင့် အပိုင်း ၃ပိုင်းခွဲ၍ ပြောကြားထားခြင်း ဖြစ်သည်။ …

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားရာ၌ ““ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း ၃ခု ရှိတယ်လို့ ရှုမြင်ပါတယ်။ ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက် နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ် ကြရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ က ပေါ်ပေါက်လာမယ့် သဘောတူညီချက်များအတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းတွေ လုပ်ဆောင်ရမယ့်အပိုင်း ဖြစ်ပါတယ်။ ဒုတိယ အပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ပီပြင်လာ စေရေးအတွက် လိုအပ်တဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို ပီပြင်လာစေရေးအတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီလာစေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်းဆိုပြီးတော့ ခွဲခြား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းများ၊ တန်းဖိုးများ ပြည့်မီအောင် ကြိုးပမ်း အားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေး ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော်အမြင် ကြီးမားမှု၊ ဉာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ တတိယပိုင်းကတော့  နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာ နိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် ထားဖြစ်တာမျိုး မဖြစ်ကြ လိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမူများ ကိုင်တွယ် ဖြေရှင်းရာမှာ နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေး ရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်””ဟု ပြောကြားသည်။

ပထမပိုင်းနှင့် ဒုတိယပိုင်း အချက်များကို ငြင်းစရာ မရှိကြောင်း၊ တတိယအပိုင်း ဖြစ်သည့် နိုင်ငံရေး ဦးဆောင်မှု ဆိုင်ရာ အရည်အချင်း သတ်မှတ်ချက်မှုသည် မည်သည်ကို ဆိုလိုသည်ကို နားမလည်ဟု SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က““ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ ဖြည့်စွက်မယ် ဆိုရင်မှန်တာပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာမယ့် သဘောတူညီချက်များ အတွက် ဆိုတဲ့ ဟာကတော့ မရှင်းလင်းဘူးလေ။ ဘယ်အတွက် ပြင်ရမယ်ဆိုတာ မရှင်းလင်းဘူး။ နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ၊ ပြီးတော့ လွှတ်တော်က ကော်မတီဖွဲ့ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ခြင်း အချက်တွေကို လွှတ်တော်တင်မယ့် ဟာကလည်း နိုင်ငံရေး ဆွေးနွေးပွဲပြီးမှ၊ သဘောတူညီချက်ရမှ လုပ်ရမယ့် သဘော ဖြစ်သွားတယ်။ ဒုတိယပိုင်းမှာတော့ ဒီမိုကရေစီစံနှုန်း ပြည့်မီဖို့ လိုအပ်တယ်ဆိုတော့ ဒီမိုကရေစီနှုန်း ပြည့်မီတယ် ဆိုတာ ဘာလဲပေါ့။ နောက်ဆုံး အပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ် ဆိုတဲ့အချက်က ပွင့်လင်းမှု မရှိဘူး။ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားတာ မရှိဘူး””ဟု ၎င်းက ပြောသည်။

သမ္မတမိန့်ခွန်းများ၌ ““ပြိုင်ပွဲကြီးမှာ နိုင်ငံရဲ့ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ အားကစား သမားများဟာ ထိုက်တန်တဲ့ ဆုတံဆိပ်တွေနဲ့ အောင်ပွဲတွေ ရရှိအောင် ကြိုးစား ခဲ့ကြတဲ့အတွက် အမျိုးသားရေး တာဝန်ကျေမှု တစ်ရပ်အဖြစ် မော်ကွန်းတင် လိုပါတယ်””ဟု ထည့်သွင်း ပြောကြားသည်။

တင်ဇာအောင်
Myanmartandawsint Newspaper