ဆိပ်ကမ်းမှ မော်တော်ယာဉ်ထုတ်ယူရာတွင် ပစ္စည်းများလျော့နည်းမှုနှင့် ပတ်သက်၍ ရှင်းလင်း

ပို့စ်တင်ချိန် - 1/03/2014 10:59:00 AM


ရန်ကုန်၊ ဇန်နဝါရီ ၂။

ပြည်ပနိုင်ငံများမှ တင်သွင်းလာသော မော်တော်ယာဉ်များကို MITTဆိပ်ကမ်းတွင် ထုတ်ယူရာ၌ ပစ္စည်းများ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပစ္စည်းပျောက်ဆုံးခြင်း ထပ်မံမရှိအောင် ဆောင်ရွက်ရန်အတွက် ရှင်းလင်းပွဲ တစ်ရပ်ကို ပန်းဆိုးတန်းရှိ မြန်မာဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ပြုလုပ်ခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲတာဝန်)က ရှင်းလင်းတင်ပြရာတွင် “ပြည်ပ ဆိပ်ကမ်းကနေ Inspetion Sheet ပြည်စုံပြီးတော့ ဆိပ်ကမ်းတံတားကို ရောက်တဲ့အခါမှာ တစ်ခုခု လိုတယ်ဆိုရင် ဆိပ်ကမ်းတံတားက ပျောက်ဆုံးသွားတဲ့ ပစ္စည်းတန်းကြေးကို ပြန်ရော်ပေးပါတယ်”ဟု ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးညဏ်ထွန်းအောင်က “ဒီနေ့အစည်းအဝေးကို လုပ်လိုက် တာကတော့ သမ္မတကြီး ကိုယ်တိုင်က အခုလိုမျိုး ဖြစ်နေတာတွေကို ပပျောက်ဖို့အတွက် လုပ်ပါလို့ ပြောလာလို့ ကျွန်တော်တို့ အခုလိုချက်ချင်း အစည်းဝေး လုပ်လိုက်တာပါ။ MITTဆိပ်ကမ်းမှာ ထားတဲ့ ကားတွေထဲက ပစ္စည်းတွေကို လာခိုးယူတာတွေ့ရှိတယ်လို့သိတော့ ကျွန်တော်တို့ အနေနဲ့ လုံခြုံရေးကို ဒါထက်မက တိုးမြှင့်ဖို့ လိုလာပါတယ်။ နောက်ထပ်ပစ္စည်းတွေ ပျောက်ဆုံးမှုမရှိအောင်လို့ အခုကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တာတွေ အားလုံးကို ချက်ချင်း ဆောင်ရွက်နေပါတယ်။ အစိုးရက ခိုးတာဝှက်တာကို တွေ့ရင် ပြည်သူတွေက ကျွန်တော်တို့ကို ချက်ချင်း ပြောပါ ။ ကျွန်တော်တို့ ချက်ချင်း ရှင်းလင်းခိုင်းမယ်” ဟု ဆိုသည်။

ယင်းနောက် ဌာနဆိုင်ရာ အသီးသီးမှ ပုဂ္ဂိုများက အကြံပြုဆွေးနွေးခဲ့ကြပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်ကိုယ်တိုင် သန်လျင်မြို့ရှိ MITTဆိပ်ကမ်းကို သွားရောက်လေ့လာ ကြည့်ရူကာ လုံခြုံရေး ထပ်မှန်တိုးမြှင့်ရန်နှင့် သင်္ဘောပေါ်မှ မော်တော်ယာဉ်များကို ဆိပ်ကမ်းတွင် မချမီ ပစ္စည်းများကို သေချာစစ်ဆေးရန် မှာကြားခဲ့သည်။

ယင်းရှင်းလင်းပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးဟံစိန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး (ပူးတွဲတာဝန်) ဦးကျော်မြင့်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးစိုးတင့်နှင့်အတူ ဌာနဆိုင်ရာအသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့သည်။

ချစ်မင်းထွန်း
The Myanma Age