ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းနှင့် ချင်းပြည်နယ် ခရီးစဉ် ဇန်နဝါရီလ ၆ ရက်နေ့စမည်

ပို့စ်တင်ချိန် - 1/03/2014 07:12:00 PM



ရန်ကုန်၊ ဇန်နဝါရီ ၂

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ရယူရေး လူထု တွေ့ဆုံပွဲများတွက် ကိုယ်တိုင် တက်ရောက် မိန့်ခွန်း ပြောကြားမှုများ ပြုလုပ်နေသည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့သို့ သွားရောက်မည့် ခရီးစဉ်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မြို့နယ်အသီးသီးရှိ NLD ပါတီဝင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကလေးမြို့မှ ခုနစ်မိုင် အကွာတွင်ရှိသော စံသိုက်ကျေးရွာ ကျောင်းဖွင့်ပွဲသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ယင်းကျောင်းဖွင့်ပွဲသို့ ဆရာတော် အရှင်ဆန္ဒာဓိကလည်း ကြွရောက်မည် ဖြစ်ကြောင်း၊ ယင်းနောက် ချင်းပြည်နယ်သို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း NLD ပါတီဝင်များက ဆိုသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဟားခါးမြို့၌ ချင်းလူထုနှင့် တွေဆုံကာ ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ယင်းနောက် ကလေးမြို့သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကလေးမြို့၊ စတောင်မ် ဘောလုံးကွင်းတွင် လူထုတွေ့ဆုံ ဟောပြောပွဲ ကျင်းပကာ နေပြည်တော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက်နှစ်ဖက်မှ ခြေမနှစ်ချောင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် အထူးကု ဆေးရုံတွင် ခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ရပြီး ခွဲစိတ်ဒဏ်ရာကြောင့် ၁၀ ရက်ခန့် အနားယူခဲ့ရသည်။

ယင်းခွဲစိတ်မှု မပြုလုပ်မီ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၄ ရက်က ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ် (ရန်ကုန်တိုင်း) ရှိ ပြည်သူများနှင့် လည်းကောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သာယာဝတီလူထုနှင့် လည်းကောင်း တွေ့ဆုံကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် မိန့်ခွန်း ပြောကြားခဲ့သည်။
The Voice Weekly Myanmar