သေဆုံးနိုင်ငံရေး အကျဉ်းသားများအတွက် တာဝန်ရှိသူများကို ပြန်လည်တောင်းပန်ခိုင်းမည်

ပို့စ်တင်ချိန် - 1/03/2014 08:45:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၂။

၁၉၈၈ အရေးခင်းတွင် အကြောင်းအမျိုးကြောင့် စစ်ကျောရေး စခန်းများနှင့် အကျဉ်းထောင် အသီးသီးတွင် ထောင်တွင်း၌ သေဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသားများ နစ်နာမှုမရှိစေရန် သေဆုံးခဲ့မှုများအားပြန်လည်ဖော် ထုတ်ကာ မိသားစုဝင်များသို့ ယခင်စစ်အစိုးရ တာဝန်ရှိသူများကို ပြန်လည်တောင်းပန်ခိုင်းမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်းမှ သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရန်အတွက် ယခုအချိန်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်သည့် စစ်တမ်းများလိုက်လံ ကောက်ယူနေလျက်ရှိကြောင်း၊ အချိန်ကာလအားဖြင့် ၁နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကူညီစောင့်ရှောက်ရေး အသင်းမှ အတွင်းရေးမှူး ကိုဘိုကြည်က ဇန်န၀ါရီလ ၂ ရက်နေ့က တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော ကျဆုံး နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲအခန်းအနားတွင် ပြောသည်။

“အခုမှအကိုတို့ အနေနဲ့ စပြီးတော့လုပ်နေတယ် အဓိကတော့ အစိုးရအနေနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိစေချင် လိုပါ စစ်တမ်းအနေနဲ့ ကတော့ ၁ နှစ်လောက် ကြာပါမယ် စစ်တမ်းပြီးရင်လည်းအစိုးရကိုတင်ပြသွားမှာပါ” ဟု  ဦးဘိုကြည်က ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်တွင် ဖြစ်ပျက်ခဲ့သောကိစ္စအား ယခုအချိန်မှ ပြန်လည်ထုတ်ဖော်ရခြင်းမှာလည်း သေဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသားများနှင့်၎င်းတို့ ၏ မိသားစုဝင်များ နစ်နာမှုမရှိစေရန်အတွက်ဖြစ်ပြီး အစိုးရပိုင်းမှ တာဝန်ရှိသူများအား နစ်နာစေလိုသည့် ဆန္ဒနှင့်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့မှ အထွေထွေအတွင်းရေးမှုး ကိုတိတ်နိုင်က ပြောသည်။

“ဒီလိုပြန်လည် ဖော်ထုတ်တယ်ဆိုတာ ဘယ်သူကိုမှ နစ်နာစေလိုတဲ့ ဆန္ဒနဲ့ မဟုတ်ပါဘူး စစ်ကျောရေးနဲ့  အကျဉ်း ထောင်အသီးသီးမှာ သေဆုံးခဲ့ရသူတွေနဲ့  သူတို့ ရဲ့ မိသားစုဝင်တွေ နစ်နာမှုမရှိဖို့ အတွက် အမှန်တရားကိုပြန်လည် ဖော်ထုတ်သွားရပါမယ်” ဟု ကိုတိတ်နိုင်ကဆိုသည်။

၁၉၈၈ ခုနှစ်အရေးခင်းတွင် ကျောင်းသူကျောင်းသား၊ ရဟန်းသံဃာတော် နှင့် ပြည်များ အမြောက်အများပါဝင် ခဲ့ပြီး ယခင်စ်အစိုးရမှ အင်အားသုံးဖြေရှင်းခဲ့ခြင်းကြောင့် လူအများသေဆုံးခဲ့သည့်အပြင် တစ်ချို့ တစ်ဝက်သည် စစ်ကျောရေး စစ်ဆေးခံရကာ အကျဉ်းထောင်များပို့ခံခဲ့ရကြောင်း ၁၉၈၈ တွင်ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေးစစ်တမ်းစာ အုမ်မှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆိုပါကဲ့သို့ ယခင်စစ်အစိုးရမှ နိုင်ငံရေးသမားများအပေါ် ပြုလုပ်ခဲ့ခြင်းအပေါ် နိုင်ငံရေးနှင့်ဝါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်က “ အရင်အစိုးရအပါအ၀င် အခုအစိုးရကပါ တောင်းပန် ရမယ် နိုင်ငံရေးလုပ်လို့ ဆိုပြီး ထောင်ထဲမှာလုပ်လို့  သေတဲ့သူတွေနဲ့  အပြင်လွှတ်လာလို့ ဘ၀ပျက်တဲ့သူတွေ အတွက် နစ်နာကျေး လုပ်ပေးရမယ် အစိုးရ၀န်ထမ်းတွေကို ပင်စင်လစာပေးတာမျိုးကို ဆိုလိုတာမဟုတ်ဘူး ရန်ပုံငွေထားပြီးတော့ နိုင်ငံရေး မိသားစုတွေအတွက် သူတို့ မိသားစုတွေ ပြန်လည်ထူထောင်နိုင်အောင်လုပ်ပေး သင့်တယ် ” ဟု ဟံသာဝတီဦးဝင်းတင်က ဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းမျာ၏ စစ်တမ်းများအရ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသူသည် ၁၇၅ ခန့်ရှိပြီး အမျိုးအမည်မသိရကာ ထောင်အတွင်းတွင် ပျောက်ဆုံးသွားသူများလည်းရှိနေ ကြောင်းသိရသည်။

နှင်းနွယ်
The Myanma Age