တနင်္ဂနွေ အလုပ်မဆင်းသည့် အလုပ်သမားများ အလုပ်ထုတ်သည့်အတွက် သဇင်ဘီစကွက်စက်ရုံလုပ်သားတစ်ရာကျော် ဆန္ဒပြ

ပို့စ်တင်ချိန် - 1/03/2014 11:34:00 AM


ကြာသာပတေးနေ့၊ ဇန်န၀ါရီ ၂ရက်၊ ၂၀၁၃ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေး သဇင်ဘီစကစ်စက်ရုံလုပ်သားများနှင့် အလုပ်ရှင်တို့ သဘောတူချုပ်ဆိုထားသည့် အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို အလုပ်ရှင်ဖက်က ချိုးဖောက်သည်ဟုဆိုကာ အလုပ်သမားတစ်ရာနီးပါးက ဇန်န၀ါရီလ၂ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ယောမင်းကြီးလမ်းပေါ်ရှိ သဇင်ဘီစကစ်စက်ရုံမှ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ အောင်ကျော်နိုင်က "ကျွန်တော်တို့က တနင်္ဂနွေကိုအလုပ်နားရက်အဖြစ် လိုချင်တယ်၊ သူတို့ကဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ချင်တယ်၊ တနင်္ဂနွေနေ့ အလုပ်မဆင်းတဲ့ဝန်ထမ်းတွေကို သူတို့က အလုပ်ထုတ်လိုက်လို့ ခုလိုဆန္ဒပြ တာပါ" ဟုက ပြောသည်။

သဇင်ဘီစကစ်စက်ရုံတွင် အလုပ်ဆင်းနေသည့် အလုပ်သမားများထဲတွင် အလုပ်ပိတ်ရက် သတ်မှတ်ချက်ကို အငြင်းပွားမှုကြောင့် အလုပ်ရှင်နှင့် တောင်းဆိုသူအလုပ်သမားများကြား အဆင်မပြေမှုများ
ဖြစ်ပေါ်လာခဲ့ရာ ပြည်ကြီး တံခွန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က နှစ်ဖက်လုံးနှင့် တွေ့ဆုံခဲ့ပြီး သဘောတူညီမှု ရရှိခဲ့သဖြင့် ဒီဇင်ဘာလ ၁၆ရက်က အချက်(၁၅)ချက်ပါဝင်သည့် သဘောတူစာချုပ်တစ်ရပ်ကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆိုခဲ့သည်။ ထိုသို့ ချုပ်ဆိုခဲ့ပြီး စာချုပ်ပါ အချက်(ဇ)တွင် အလုပ်ပိတ်ရက်ကို တနင်္ဂနွေနေ့ သတ်မှတ်ရန်နှင့် အချိန်ပိုခိုင်းစေပါက အလုပ်သမားဥပဒေအတိုင်း သတ်မှတ်ငွေကြေးပေး၍ ခိုင်းစေရန်ဟု ဖော်ပြထားသည်။

"စာချုပ်ပါအချက်ကို ဖောက်ဖျက်တယ်ဆိုရင်တော့ အလုပ်ရှင်ဖက်ကမှားတယ်၊ အလုပ်သမားတွေက မှန်တယ် ၊ မြို့နယ်ဖျန်ဖြေရေးကော်မတီအရှေ့မှာ စာချုပ်ချုပ်ဆိုထားတယ်ဆိုတာ မှန်ပါတယ်" ဟု
တိုင်းအလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် သဇင်ဘီစကစ်စက်ရုံ မန်နေဂျာဖြစ်သူက အလုပ်သမားတစ်ဦးကို ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့သောကြောင့် ဒီဇင်ဘာလ(၂၈)ရက်နေ့ညတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ပြီး ရဲစခန်းမှ မန်နေဂျာကို အလုပ်သမားများအား ဥပဒေနှင့်အညီ ဆက်ဆံရန် သတိပေးပြောကြားခဲ့ကြောင်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ယခုလိုနှစ်ဦးနှစ်ဖက်ချုပ်ဆိုထားသောစာချုပ်များကိုဖောက်ဖျက်ပါက တရားမနစ်နာမှုဖြင့် လျော်ကြေး ရလိုမှု (သို့) အလုပ်ပြန်လည်ခန့်ထားစေလိုမှုတို့ဖြင့် စာချုပ်ဖောက်ဖျက်ခံရသူများဖက်က တရားစွဲဆိုနိုင်ကြောင်း ၄င်းက ပြောဆိုသည်။

အောင်ကိုဦး
Mizzima Burmese