မိဘနှစ်ပါး စုဆောင်းထားသမျှ ငွေကြေးများကို စုတ်ဖြဲပစ်ခဲ့သည့် (၄)နှစ်သားလေး

ပို့စ်တင်ချိန် - 1/03/2014 05:10:00 PM





တရုတ်နိုင်ငံ အနောက်ပိုင်းတွင် နေထိုင်သည့် လျူတို့ ဇနီးမောင်နှံသည် ငွေစက္ကူများကို သေတ္တာတစ်လုံးထဲထည့်ကာ ခုတင်အောက်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်

တရုတ်နိုင်ငံမှ လင်မယား နှစ်ဦးသည် ၎င်းတို့၏ ကလေးငယ်ကို စက္ကူစုတ်များ စုတ်ဖြဲ၍ ဆော့ကစားသည်ကို ကြည်ကြည်သာသာ ခွင့်ပြုပေးထားခဲ့သည်။ သို့သော်လည်း တစ်ကြိမ်တွင်မူ ယင်းတို့၏ သားဖြစ်သူ စုတ်ဖြဲပစ်သော စက္ကူများကိုကြည့်ပြီး နှစ်ဦးသား မျက်ဖြူဆိုက်သွားခဲ့ရသည်။ ရှီယန်ရှန်ဇီးတွင် နေထိုင်သော မိသားစုတွင် အသက်(၄)နှစ်အရွယ် သားငယ်သည် ဟိုဟိုဒီဒီ ရှာဖွေရင်း မိဘနှစ်ပါး စုဆောင်းထားသည့် ငွေစက္ကူများကို တွေ့ရှိသွားသည်။ ထိုအချိန်တွင် ကလေးငယ်နှင့်အတူ မိခင်ဖြစ်သူလည်း နေအိမ်တွင် ရှိနေခဲ့သည်။ လင်မယား နှစ်ဦးတို့သည် တရုတ်နှစ်သစ်ကူးတွင် အိမ်အသစ်ကလေးတစ်လုံး ဝယ်ယူရန်အတွက် ငွေကြေးများ စုဆောင်းထားခြင်း ဖြစ်သည်။ နှစ်ဦးသား စုထားသည့် ငွေပမာဏသည် ဗြိတိန်သုံးငွေနှင့် တွက်ဆကြည့်ပါက ပေါင်စတာလင် (၃၀၀၀)ဖိုးမျှ ရှိနေပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ချာတိတ်ကမူ ငွေတန်ဖိုးကို နားမလည်သေးသည့် ကလေးပီပီ စက္ကူစုတ်များဟုပင် ယူဆကာ အပီအပြင် စုတ်ဖြဲပစ်ခဲ့သည်။ ယင်းကို ၎င်း၏မိခင်ဖြစ်သည့် အသက်(၂၈)နှစ်အရွယ် လျူဖန်က အချိန်နှောင်းမှ သိရှိသွားခဲ့သည်။ တရုတ်နိုင်ငံ အနောက်ပိုင်းတွင် နေထိုင်သည့် လျူတို့ ဇနီးမောင်နှံသည် ငွေစက္ကူများကို သေတ္တာတစ်လုံးထဲထည့်ကာ ခုတင်အောက်တွင် ထားရှိခဲ့ခြင်း ဖြစ်သည်။ လျူက "ကလေးက စာအုပ်ဟောင်းတွေကို အပိုင်းပိုင်း ဖြစ်သွားအောင် ဖြဲပစ်နေကျပါ။ ကျွန်မတို့ကလည်း သူ့စိတ်တိုင်းကျ ကစားပါစေတော့ဆိုပြီး စာအုပ်အဟောင်းတွေ ဝယ်ထားပေးလေ့ရှိတယ်။ ခုလည်း စက္ကူဖြဲတဲ့ အသံတွေကြားပေမယ့် စိတ်ထဲမှာ ဘာမှ စနောင့်စနင်း မဖြစ်ခဲ့မိဘူး"ဟု ဝန်ခံခဲ့သည်။

မည်သို့ပင်ဖြစ်စေ လျူတို့မိသားစု ကံကောင်းသွားခဲ့သည်။ ယင်းသတင်းကို ကြားမိသည့် ဒေသတွင်း ဘဏ်တစ်ခုက ငွေစက္ကူများကို ပြန်ဆက်ပြီး အစိုးရထံမှ ငွေသားအသစ် လဲလှယ်ခွင့်ရအောင် ကူညီပေးခဲ့သည်။ ယခုအခါတွင်မူ လျူတို့ ဇနီးမောင်နှံက ငွေကြေးများကို ယင်းဘဏ်တွင် စာရင်းသွင်း အပ်နှံထားလိုက်ပြီ ဖြစ်သည်။ "ဘဏ်ဝန်ထမ်းတွေက ကူညီမယ်ဆိုတာ သိရတော့ ကျွန်မ အင်မတန် ဝမ်းသာသွားမိတယ်"ဟု လျူက ဝန်ခံခဲ့သည်။ သူမက "ကျွန်မသားလေး ကြီးလာရင်တော့ သူဖျက်ဆီးပစ်ခဲ့တဲ့ အရာတချို့ ဘယ်လောက် တန်ဖိုးများခဲ့တယ်ဆိုတာ ပြန်သိပြီး လန့်သွားမယ် ထင်ပါတယ်"ဟုလည်း ရယ်ရယ်မောမော ပြောဆိုသွားသည်။
မြ၀တီ