မန္တလေးတွင် လူငယ်များ တုတ်၊ ဓားများ ကိုင်၍ ရဲပါမချန် ရန်စပြီး ရမ်းကားသောင်းကျန်းနေ

ပို့စ်တင်ချိန် - 5/08/2014 03:29:00 PM



မန္တလေးမြို့တော်အတွင်း ညပိုင်းအချိန်တွင် လူငယ်အချို့ အုပ်စုဖြင့် တုတ်၊ ဓားများကိုင်ကာရမ်းကား သည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်ခန့်တွင် မန္တလေးခရိုင် ချမ်းအေးသာ စံမြို့နယ် ၃၃ လမ်း၊ ၇၃ x ၇၄ လမ်းကြားတွင် ညအချိန်တာဝန်ကျ လုံခြုံရေးရဲတပ်သား နှစ်ဦး ကို အော် ဟစ်ရန်စကာခဲများဖြင့်ပစ်ပေါက်ထွက်ပြေးသွားကြောင်း မန္တလေးမြို့ အမှတ်(၈) မြို့မရဲတပ်ဖွဲ့စခန်း တာဝန် ကျရဲအရာရှိတစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် နှစ်ရက်ခန့်ကလည်း ယင်းသို့ ရန်စနေပြီး မေလ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ရဲတပ်သားနှစ်ဦးကို ၁၅ ဦးခန့်ပါသည့် လူငယ်အုပ်စုတစ်စုက ခဲများဖြင့် ပစ်ပေါက်ကြောင်း၊ယင်းဖြစ်သည့်နေရာသို့အခြားရဲတပ်ဖွဲ့ဝင်များထပ်မံရောက်ရှိလာချိန်တွင် ယင်းလူငယ်များ မရှိတော့ သဖြင့် တရားခံများကို စုံစမ်းလျက်ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။ "ဂိမ်းဆိုင်က ကွန်နက်ရှင်ကျသွားလို့ ၃၃ လမ်းဘက်က လက်ဖက်ရည် ဆိုင်ကို သူငယ်ချင်းတွေ သွား ထိုင်ဖြစ်ကြတယ်။ နံနက်အစောပိုင်း ၁ နာရီ ပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ် လူငယ်တွေ အုပ်စု လိုက်ပဲသူတို့လက်ထဲမှာတုတ်၊ဓားတချို့ကိုင်ထားပြီး ဆိုင်ကယ်တွေနဲ့ဆိုင်ရှေ့ကဖြတ် သွားကြတာ မြင် လိုက်ရတယ်"ဟု ယင်းနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်က လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် အဆိုပါလူငယ်များ ကို မျက်မြင် တွေ့မြင်လိုက်ရသူ မန္တလေးမြို့ဒေသခံ ဦးသော်ဇင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းကလည်း မန္တလေးမြို့ကျုံးဘေးတွင် လူငယ်အဖွဲ့တစ်ဖွဲ့ ဓားများဖြင့် လိုက်လံ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ရမ်းကားသည့်အဖွဲ့များ ထပ်မံပေါ်ပေါက်လာခြင်း ဖြစ် ကာ ဒေ သခံ ပြည်သူများ အထိတ်တလန့် မဖြစ်ပွားစေရန် အတွက် အဆိုပါလူငယ်အဖွဲ့ကို အမြန်ဆုံးဖမ်းဆီး အပြစ်ပေးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်၌ ညပိုင်းအချိန် စားသောက်ဆိုင်ရှေ့တွင် ရပ်ထားသည့် ကားမှန်များကို အမည်မသိ လူငယ်အုပ်စုတစ်စုက ခဲဖြင့် ပစ်ပေါက်ခြင်းနှင့် ကားမှန် ရိုက်ခွဲမှုများ ဖြစ်ပွားနေပြီး မန္တလေးတက္ကသိုလ် အနီး မဟာအောင်မြေ မြို့နယ်ရှိ စားသောက်ဆိုင် နှစ်ဆိုင်တွင် ရပ်ထားသော မော်တော်ယာဉ်ကို ဧပြီလ ၂၈ ရက်နေ့ နံနက် ၁နာရီခန့်က အမည်မသိ လူငယ်တစ်စုက ကားမှန်ကို ခဲဖြင့်ပစ်ပေါက်ကာ ရိုက်ခွဲ ဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
The Voice Weekly