လာမည့်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲ မေးခွန်း တစ်နိုင်ငံလုံး တစ်စုံသာ ထုတ်မည်

ပို့စ်တင်ချိန် - 5/08/2014 11:04:00 AM



ရန်ကုန်၊ မေ ၇

 ပညာရေး ဝန်ကြီးဌာန အခြေခံပညာကျောင်းများရှိ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ မေးခွန်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းကဲ့သို့ တစ်နိုင်ငံလုံး တစ်စုံသာ ထုတ်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်း ဖြစ်သည်။

အခြေခံပညာ ကျောင်းများတွင် အများဆုံး ကြုံတွေ့ရသော ကျူရှင် ပြဿနာကို ဖြေရှင်းရန် ယင်းကဲ့သို့ မေးခွန်း တစ်စုံတည်းသာ ထုတ်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင်လည်း အတန်းပိုင်ဆရာ၊ ဆရာမများ၏ ကျူရှင်ပြဿနာများနှင့် ပတ်သက်၍ တိုင်ကြားချက်တို့ကို ရရှိလေ့ ရှိကြောင်း ဦးမင်းဇော်က ဆက်လက် ပြောဆိုသည်။

ယင်းစာမေးပွဲစနစ် ပြောင်းလဲသည့်အပေါ် မူဝါဒ ရေးဆွဲမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

စာမေးပွဲစနစ် ပြောင်းလဲသွားမည် ဆိုပါက ကျောင်းသားများအနေနှင့် အလွတ်ကျက်မှတ်သည့် အလေ့အထပျောက်ပြီး စာကျက်မှတ်သည့် နည်းစနစ် ပြောင်းလဲလာကာ ဦးနှောက် အသုံးပြုမှု များလာမည် ဖြစ်သည့်အတွက် အရည်အချင်း ပြည့်ဝလာမည် ဖြစ်ကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။

“ကျူရှင်စနစ်က ပပျောက်လုနီးပါး ဖြစ်နေပါပြီ။ ပုဂ္ဂလိက ကျူရှင်တွေနဲ့ Guide တွေလည်း ရှိကြတဲ့အတွက် သူတို့က ကြော်ငြာလို့ ရတယ်လေ။ ကျောင်းဆရာတွေက ကြော်ငြာခွင့်လည်း မရှိဘူးဆိုတော့ ကိုယ့်ကို ယုံကြည်တဲ့သူပဲ ကျူရှင်သင်ဖို့ အပ်ကြတာပါ။ ပုဂ္ဂလိက ကျူရှင်တက်မှ ခေတ်မီတယ် ဆိုတဲ့ အတွေးတွေလည်း ဝင်လာကြတဲ့အတွက် ကျောင်းဆရာတွေ ကျူရှင်ရတာ နည်းနည်းပါးပါးပါ” ဟု ၎င်းကဆိုသည်။

“ကျူရှင်သင်တာကို မတိုင်ရင်တော့ ဘာမှ မလုပ်ဘူး။ တိုင်ရင်တော့ အကာအကွယ် မပေးနိုင်ပါဘူး” ဟု ဦးမင်းဇော်က ဆိုသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်က အဋ္ဌမတန်းနှင့် နဝမတန်းအဆင့် စာမေးပွဲ စစ်ဆေးနည်း စနစ်များကို ပြောင်းလဲခဲ့သည့်အတွက် ယင်းအတန်းများတွင် ကျရှုံးသူ သိသိသာသာ များပြားသွားပြီး စစ်ဆေးနည်းစနစ် ပြောင်းလဲမှုကို အသိပေး ကြေညာခြင်း မရှိသည့်အပေါ် ပညာရေး အသိုင်းအဝိုင်းက ဝေဖန်ခဲ့ကြသည်။

The Voice Weekly