ယင်းလပ် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရဖွယ်ရှိ

ပို့စ်တင်ချိန် - 5/08/2014 07:10:00 PM


အာဏာအလွဲသုံးစားမှုနဲ့ မနေ့ကပဲ ၀န်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံလိုက်ရတဲ့ ယင်းလပ်ဟာ စပါးဝယ်ယူရေးကိစ္စမှာ တာဝန်လစ်ဟင်းမှုနဲ့ နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ်ရှိပါတယ်။

အစိုးရ စပါးဝယ်ယူရေး အစီအစဉ်မှာ အရှုံးပေါ်မယ်ဆိုတာကို သိလျက်နဲ့ ကြိုတင် မတားဆီးခဲ့ဘူးလို့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်လူကြီး ၇ ယောက်လုံးက ကန့်ကွက်သူ မရှိ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

“အပြစ်ကျူးလွန်တယ်ဆိုတာကို ခိုင်လုံတဲ့ သက်သေအထောက်ထားတွေ ရှိပါတယ်၊ အမှုကို အထက်လွှတ်တော်ကို လွှဲပေးသွားမယ်” လို့ ကော်မရှင်မကြီးအကဲ ပန်သပ် ကလန်နာရွန်ဂရန်က ပြောပါတယ်။

အထက်လွှတ်တော်မှာ အယုံအကြည်မရှိအဆို လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နိုင်ဖို့ လွှဲပေးသွားမယ်လို့ ကော်မရှင်ရဲ့ ပြောခွင့်ရသူ ဗစ်ချာ မဟာခွန်က သတင်းထောက်တွေကို ပြောပါတယ်။

ဇန်န၀ါရီလ ၁၆ ရက်နေ့ကတည်းက အမှုကို ကော်မရှင်က စုံစမ်းနေတာဖြစ်ပါတယ်။

အစိုးရချင်း စပါးအရောင်းအ၀ယ်နဲ့ ပတ်သက်လို့ အရင်ကုန်သွယ်ရေးဝန်ကြီး၊ လက်ထောက် ကုန်သွယ်ရေး ၀န်ကြီးတို့ အပါအ၀င် အစိုးရထိပ်တန်း အရာရှိ ၁၅ ယောက်ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။

DVB Burmese