မြန်မာဝမ်ပေါင်ကုမ္မဏီ မိုင်းလုပ်သားကြီးများ လုပ်ခလစာတိုးမြှင့်ပေးရေး ငါးကြိမ်မြောက် ဆန္ဒပြတောင်းဆို

ပို့စ်တင်ချိန် - 5/08/2014 10:35:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြိး
ဆားလင်းကြီး၊ မေ ၇
စစ်ကိုင်းတိုင်း၊ ယင်းမင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မြန်မာဝမ်ပေါင် ကုမ္မဏီ မိုင်းလုပ်သားကြီးများသည် လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် မေလ ၇ ရက်နေ့ မနက် ၉ နာရီမှ ၁၁ နာရီအထိ ပဉ္စမအကြိမ်မြောက် ဆန္ဒပြတောင်းခံခဲ့ကြောင်းသိရသည်။
“ အခု ဆန္ဒပြနေတာဟာဆိုရင် ငါးကြိမ်မြောက်ရှိသွားပြီ..။ ကုမ္မဏီဘက်ကတော့ တုန့်ပြန်မှု တစ်စုံတစ်ရာမ ရရှိသေးပါဘူး..” ဟု ဆန္ဒပြ မိုင်းလုပ်သားအဖွဲ့ခေါင်းဆောင် ကိုသန်းလွင်မှ မဇ္ဈိမသို့ပြောပြသည်။
အဆိုပါ ဆန္ဒပြမိုင်းလုပ်သားကြီးများသည် မြန်မာဝမ်ပေါင် ကုမ္မဏီ၏ ဒုတိယအသုတ် အငယ်တန်း Operator မှ မိုင်းလုပ်သား (၃၅၀)ဦးရှိသည့်အနက် မိုင်းလုပ်သား(၁၉၀)ဦးဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထိုသူတို့သည် မြန်မာဘွဲ့ရ မိုင်းလုပ်သားကြီး များဖြစ်ကြပြီး အခြေခံလုပ်ခလစာ မေရိကန်ဒေါ်လာ ၁၂၀ ဒေါ်လာရရှိကြသူများဖြစ်သည်။ အဆိုပါ အခြေခံ လုပ်ခလစာ ဒေါ်လာ ၁၂၀ ရရှိခြင်းသည် အခြားမိုင်း လုပ်သားကြီးများရရှိသော လစာငွေနှင့် ကွာဟခြားနားမှုများရှိသည်ဟုဆိုကာ ဒေါ်လာ ၂၄၀ ရရှိရေးအတွက် ဆန္ဒပြတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာဝမ်ပေါင်ကုမ္မဏီမှ မိုင်းလုပ်သားကြီးများအား အလုပ်ခန့်အပ်ပေးရာတွင် Professional Level နှင့် Operator Level သင်တန်းများကိုခေါ်ယူ၍ သင်တန်းဆင်းပြီးမြှောက်ပါမှ Grade အဆင့်အတန်းများသတ် မှတ်ခွဲခြားကာ အခြေခံလုပ်ခလစာများကို မေရိကန်ဒေါ်လာများဖြင့် သတ်မှတ်ပေးခြင်းဖြစ်ကြောင်း မြန်မာ ၀မ်ပေါင်းကုမ္မဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာ ဂန်းရီ ဆိုသူမှ ၂၀၁၄ခုနှစ်၊ မေလ(၅)ရက်နေ့၊ ရက်စွဲ ပါ ၎င်းကုမ္မဏီ၏ စာအမှတ် ၀၆၈/HR 2014 အရ ဆန္ဒပြ မိုင်းလုပ်သားကြီးများထံ ထုတ်ဆင့်ပေးဝေခဲ့သော စာများအရ သိရသည်။
“ အဲ့ဒီစာထဲမှာက သင်တန်းကာ (၁)နှစ် ခြောက်လပြည့်မီအောင် နောက်ထပ် သင်တန်း (၁၃)လ ဆက် လက်တက်ရမယ်..။ အဲ့ဒီသင်တန်းဆင်းပြီးသူတွေကို Grade – 8 အဆင့်အဖြစ်သတ်မှတ်ပြီး လာစာ ဒေါ် လာ(၁၈၀)နှုန်းပေးမယ်လို့ဆိုပါတယ် ..။ ကျွန်တော်တို့ တောင်းဆိုနေတာက ဒေါ်လာ ၂၄၀ ဖြစ်ပါတယ်” ဟုဆန္ဒပြမိုင်းလုပ်သားအဖွဲ့ခေါင်းဆောင် ကိုဘိုဦးမှ မဇ္ဈိမသို့ပြောပြသည်။
ထိုသူက ယခုပေးသော လုပ်ခလစာနှုန်းထားသည် Grade – 9 အဆင့်ရရှိသော ဒေါ်လာ ၁၂၀ သာလျင် ဖြစ်ကြောင်း ဆက်လက်၍ ပြောပြခဲ့သေးသည်။
အဆိုပါ ဆန္ဒပြမိုင်းလုပ်သားကြီးများသည် ကုမ္မဏီ၏ တုန့်ပြန်မရမချင်း ဆက်လက်၍ ဆန္ဒပြသွားနိုင်ရန် စီ စဉ်ထားရှိပြီး ယနေ့ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်ကာ ဆန္ဒပြခွင့်များ ထပ်မံ၍ တင်ပြသွားဦးမည်ဟု မိုင်းလုပ်သားကြီး ကိုထွန်းထွန်းလင်းမှ ပြောပြသည်။

ကိုတိုး ချင်းတွင်း