ကနီမြို့နယ်အတွင်း တရားမ၀င် နွားမှောင်ခိုများ မကြာခဏဖြတ်သန်းသွားလာ

ပို့စ်တင်ချိန် - 5/08/2014 10:15:00 AM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
ကနီ၊ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာ၏ အရှေ့မြောက်ဘက် တောတွင်း လမ်းကြောင်းများတွင် တရားမ၀င် နွားမှောင်ခိုများ မကြာခဏဖြတ်သန်းသွားလျက်ရှိကြောင်း ကနီမြို့နယ် ကျောက်တန်းကျေးရွာနေ ဒေသခံ ပြည်သူတစ်ဦးမှ ပြောသည်။
“ နွားမှောင်ခိုသမားတွေက တစ်ပတ်ကိုအနည်းဆုံး နှစ်ကြိမ်လောက်ဖြတ်သွားတယ်..။ တခါဖြတ်ရင် အနည်းဆုံး အကောင် (၅၀)၀န်းကျင်ရှိတယ် ..” ဟု ၎င်းမှ ဆက်လက်၍ ပြောပြသည်။
အဆိုပါ နွားမှောင်ခိုများသည် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အ တွင်းမှ ၀ယ်ယူဖြတ်သန်းလာသော နွားများဖြစ်ကြောင်း နေ့စား နွားမောင်းအငှားလိုက်သူများ၏ ပြန်လည် ပြောပြချက်များအရ သိရသည်။
“ လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားကြီးတွေဖြစ်ပါတယ်..။ အဲ့ဒီနွားတွေက ငါးညအိပ် ခြောက်ရက်နေ့ ညနေပိုင်ဆိုရင် တရုတ်ပြည် နယ်စပ်နွားဈေးကွက်ကို အရောက်မောင်းကြရတာပါ ..” ဟု တစ်ရက်လျင် စ ရိတ်ငြိမ်း ၅၀၀၀ ကျပ်ဖြင့် နွားမောင်းအငှားလိုက်ခဲ့သူ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်သား တစ်ဦးမှ ပြောပြသည်။
ကနီမြို့နယ် မြောင်းကုန်းချောင်း လမ်းကြောင်းမှတဆင့် မိကျောင်းတွင်ကျေးရွာဘက်သို့ တောလမ်းအတိုင်း နွားများကို ဖြတ်မောင်းကာ ထိုမှတဆင့် မင်းကင်းမြို့နယ် သင်တောကျေးရွာအောက်ဘက်မှနေ၍ ချင်းတွင်း မြစ်အား ကူးဖြတ်ကြောင်း သိရသည်။
အဆိုပါ လမ်းကြောင်းများမှတဆင့် နွားမှောင်ခိုများ ဥဒဟိုသွားလာလျက်ရှိရာ သင်္ကြန်ကာလတွင် နေ့ရော ညပါ ဖြတ်သန်းသွားလာလျက်ရှိပြီး နွားတစ်အုပ်ဖြတ်လျင် အနည်းဆုံးအကောင် တစ်ရာဝန်းကျင်ခန့်ရှိ ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရှိရသည်။
လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားကြီးများကို တရားဥပဒေများအရ အကာအကွယ်ပေးထားလျက်ရှိရာ မြို့နယ်ဖြတ်ကျော် နွားသယ်ဆောင်ခြင်းများကိုလည်း အရေးကြီး ကြီးကြပ်ကန့်သတ် ပစ္စည်းများ ဥပဒေအ ရပြဌာန်းထားကြောင်း မုံရွာမြို့ခံ တရားလွှတ်တော်ရှေ့နေကြီး တစ်ဦးမှ ပြောပြသည်။

ကိုတိုး ချင်းတွင်း