ကြက်တစ်ကောင်နဲ့ တိုက်မိသွားတဲ့ကားရဲ့ဖြစ်ပုံ

ပို့စ်တင်ချိန် - 5/08/2014 10:46:00 AM


တစ်နာရီ မိုင် ၇၀ နှုန်းနဲ့မောင်းလာတဲ့ ကားတစ်စီးဟာ လမ်းပေါ်က ကြက်တစ်ကောင်ကို တိုက်မိတဲ့အခါ ဒီကြက် ရစရာမရှိ ဖြစ်သွားမယ်လို့တော့ မထင်ပါနဲ့။ ဖြစ်သွားတာက ကားပါ။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ Jiangxi ပြည်နယ် Xinfeng ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
သူ့လမ်းကြောင်းထဲ ဖြတ်ဝင်လာတဲ့ ကြက်နဲ့တိုက်မိလို့ ကားမောင်းလာသူ ၃၁ နှစ်အရွယ် Huang Lingyon က ကားပေါ်ကဆင်းကြည့်မိတဲ့အခါ ကြေမွသွားတဲ့ကားရှေ့ဘက်ထဲ ကြက်က ခေါင်းစိုက်နေတာဖြစ်ပါတယ်။

“ကျွန်တော် ဘရိတ်နင်းလိုက်တယ်။ ကျွန်တော်က တိရိစ္ဆာန်ချစ်တဲ့သူဗျ။ ကြက်ကို ဘာမှမဖြစ်စေချင်ဘူး” လို့ Huang က ပြောခဲ့ပါတယ်။

“ဒါပေမဲ့ နောက်ကျသွားတယ်ဗျ။ အော်သံတော့ ကြားလိုက်တယ်။ ကြက်တော့ သူ့ဘိုးဘွားတွေနဲ့တွေ့ရပြီ လို့ ကျွန်တော် ထင်လိုက်တာ။ ကားကိုရပ်ပြီး အရှေ့ဘက်ကို သွားကြည့်တော့ ကားဘော်ဒီမှာ အပေါက်ကြီးဖြစ်ပြီး ကြက်က ဒီထဲစိုက်နေတယ်”

“သေပြီလို့ထင်လိုက်ပေမဲ့ “ကတော် ကတော်” ဆိုပြီး အသံကြားရလို့ သေချာကုန်းကြည့်ရတယ်။ နည်းနည်းလှုပ်လာပြီး သူ့အမွှေးတွေက ဖွာထွက်နေတယ်။ ဒါကလွဲပြီး သူက အိုကေပဲဗျ “ လို့ Huang က ပြောခဲ့ပါတယ်။


“ကြက်တွေရဲ့ခံနိုင်ရည်အတွက် တကယ်ကောင်းတဲ့ ကြော်ငြာဖြစ်ပေမဲ့ ကျွန်တော်မောင်းနေတဲ့ကားရဲ့ အရည်အသွေးအတွက်တော့ တကယ်ဆိုးသလို ဖြစ်နေတယ်ဗျာ” လို့ Huang က ပြောခဲ့ပါသေးတယ်။
သူဟာ ဒီပုံနဲ့ဒီအကြောင်းကို အင်တာနက်ပေါ် တင်လိုက်တဲ့အခါ သူ့ရဲ့ကားနဲ့ ကားကုမ္ပဏီကို ဝိုင်းပြောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သူ့ရဲ့ Toyota Corolla မှာ တပ်ထားတဲ့ ဒီကားအစိတ်အပိုင်းဟာ ဂျပန်အစစ်မဟုတ်ဘဲ တရုတ်ကော်ပီသာဖြစ်ကြောင်း ကားကို ရောင်းခဲ့တဲ့ အရောင်းကိုယ်စားလှယ် က ဝင်ရှင်းခဲ့ရပါတယ်။

ဖိုးသူတော် Team မှ ဘာသာပြန်သည်။