ဟုမ္မလင်းမြို့နယ်တွင် ရွှေတွင်းမြေပြိုကျမှုကြောင့် လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 5/08/2014 10:13:00 AM


သတင်း၊ ကိုတိုးကြီ
ဟုမ္မလင်း၊ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ထိန်ကုန်းကျေးရွာ၊ ငှက်ပျောတော အရှေ့ရွှေမှော်တွင် မေလ ၅ ရက်နေ့ညနေ ၄ နာရီက ရွှေတွင်းမြေပြိုကျမှုကြောင့် မြေပိ၍ လူတစ်ဦးသေဆုံးခဲ့ရကြောင်း မြို့နယ် ထွေအုပ်ရုံးမှ သိရသည်။
မြေပြိုကျ၍ မြေပိကာ လူသေဆုံးခဲ့ရသည့် ရွှေလုပ်ကွက်သည် ရှင်းသန့်အောင်မြင် လုပ်ကွက်အမှတ် SHMN – 432 ရွှေမျှောကျင်းဟောင်းနေရာတွင်ဖြစ်ကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်း၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။
အဆိုပါ ရွှေမျှောကျင်းဟောင်းနေရာရှိ ရွှေကျင်မြေများကို ကိုချစ်သဲမောင်၊ ကိုသန့်ဇင်ဝင်း၊ ကိုမောင်စိုး ဆိုသူ လူသုံးဦးတို့မှ လက်လှောင်းရွှေဝိုင်းလုပ်ကိုင်နိုင်ရန် ရေစပ်သို့ သယ်ဆောင်နေစဉ် မြေပြိုကျခဲ့ခြင်းဖြစ်သည်။ ထိုသို့ မြေများပြိုကျခဲ့ပြီး မြေသယ်ယူနေသူ ကိုချစ်သဲမောင် ဆိုသူမှာ မြေပိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
၎င်း လူသေဆုံးခဲ့မှုကို မိုင်ကိုင်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၅ / ၂၀၁၄အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရဲစခန်းမှ သိရသည်။
အဆိုပါဒေသတွင် ပြီးခဲ့သည့်လကလည်း ရွှေတူးဖော်ရေးလုပ်ငန်းခွင်၌ မြေပြိုကျမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူနေ အိမ်သုံးလုံးပျက်စီးဆုံးရှုံးခဲ့ရပြီး လူနှစ်ဦးသေဆုံးကာ လူတစ်ဦးဒဏ်ရာရရှိခဲ့သော လုပ်ငန်းခွင် သဘာဝ ဘေးအန္တ ရာယ်တစ်ရပ် ဖြစ်ပွားခဲ့သေးသည်။
ယခုနှစ်အတွင်း ရွှေမျှောမြေပြိုကျသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်များကြောင့် ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို နယ်၊ ဗန်းမောက်မြို့နယ်၊ ကျွန်းလှမြို့နယ်များနှင့် ပင်လယ်ဘူးမြို့နယ်များတွင် မြေပိ၍ လူသေဆုံးရသူ နှစ် ကျော်ခန့်ရှိသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သေမှုသေခင်းဆိုင်ရာ မှတ်တမ်းများစာရင်းများအရ သိရှိရသည်။

ကိုတိုး ချင်းတွင်း