တစ်သောင်းတန် ငွေစက္ကူအတု အမှုစစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်ကြောင်း ပေါ်ပေါက်

ပို့စ်တင်ချိန် - 6/01/2014 07:43:00 PM



မန္တလေး၊ မေ ၃၁

အမရပူရမြို့နယ် မြစ်ငယ်မြို့ မြို့မဈေးအတွင်း မေလ ၂၈ ရက်နေ့က ဈေးလာဝယ်သူ အမျိုးသမီးနှစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို စစ်ဆေးရာမှ တပ်သားတစ်ဦး ပါဝင်နေကြောင်း မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းမြို့ မင်းဝံတောင်တက်လမ်းရှိ ခြင်္သေ့ကြီးနှစ်ကောင် အနီးတွင် အသားခြောက် ရောင်းချသည့် အမျိုးသမီးနှစ်ဦးသည် ငွေစက္ကူအတု ကိုင်ဆောင်ကာ မြစ်ငယ်မြို့မဈေးတွင် တစ်သောင်းတန် ငွေစက္ကူအတု ခုနစ်ရွက်ဖြင့် ဈေးဝယ်ခဲ့ကြောင်း၊ ဈေးသူဈေးသားများက မသင်္ကာ၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ၎င်းတို့ကို မြစ်ငယ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးခဲ့စဉ် တစ်သောင်းတန် ငွေစက္ကူအတု ခြောက်ရွက်ကို ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ ဖြင့် အမှုဖွင့်ပြီး ယင်းငွေများကို ခင်ပွန်းဖြစ်သူနှင့် ဖခင်ဖြစ်သူတို့ထံမှ ရရှိခဲ့ကြောင်း ထွက်ဆိုသဖြင့် ၎င်းတို့နှစ်ဦးကို ထပ်မံစစ်ဆေးရာ ကျောက်ဆည်မြို့နယ် သံရွာ လက်နက်ခဲယမ်း စစ်ဆေးရေးတပ်မှ တပ်သားတစ်ဦးထံမှ ရရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းတစ်သောင်းတန် ငွေစက္ကူအတု ၁၃ ရွက်မှာ နံပါတ်တူ ဖြစ်ကြောင်း တွေ့ရှိကာ ကာလာပရင်တာနည်းဖြင့် ထုတ်ယူပြီး တန်ဖိုးရေစာနှင့် ရုပ်ပုံရေစာ မပါရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“သူတို့တွေ နေအိမ်ကို သွားစစ်တော့ အိမ်က တဲလေးလိုမျိုးပါပဲ။ ဘာမှ မရှိဘူး။ သူတို့ရဲ့ ပုံစက သာမန်အောက်ခြေ လူတန်းစားပါ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်သောင်းတန် ငွေနဲ့ ဈေးလိုက်ဝယ်နေတာ။ ပိုက်ဆံကလည်း ကာလာပရင်တာနဲ့ ထုတ်ထားတာ။ အုပ်လိုက်ထဲမှာ ညှပ်ပြီး သုံးရင်တော့ မသိသာဘူး။ တစ်ရွက်ချင်းစီ သုံးတော့ သိသာနေတယ်။ ပြည်ပက လာတာ မဟုတ်ဘူး။ ပြည်တွင်းမှာ ထုတ်တဲ့ ပုံစံမျိုးပဲ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသမီးနှစ်ဦးကို ငွေစက္ကူအတု ကိုင်ဆောင် သုံးစွဲခဲ့သဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ နှင့် အမှုဖွင့်ထားပြီး အမျိုးသားနှစ်ဦးကို ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲနေသည်ကို စိစစ်ပေါ်ပေါက်ခဲ့သောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၆/၁၀၅ ဖြင့် အမှုဖွင့်ထားကြောင်း၊ တပ်သားကိုမူ မှုခင်းတပ်ဖွဲ့က စစ်ဆေးနေကြောင်း မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly