ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပြုလုပ်သည့် Miss Asia Pacific World 2014 ပြိုင်ပွဲ၏ Winner ဆုကို မြန်မာအလှမယ် မေမြတ်နိုး ဆွတ်ခူးရရှိ

ပို့စ်တင်ချိန် - 6/01/2014 12:35:00 PM




မေလ ၃၁ ရက် ည ၇ နာရီတွင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပြုလုပ်သည့် Miss Asia Pacific World 2014 ပြိုင်ပွဲ၏ Winner ဆုကို မြန်မာအလှမယ် မေမြတ်နိုး ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများစွာသို့ မြန်မာအလှမယ်များစွာ သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ထိပ်ဆုံး Miss ဆုကို မြန်မာအလှမယ် တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ဥရောပနှင့် အာရှနိုင်ငံများမှ အလှမယ်များမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အလှမယ် ၅၀ ကျော်အနက်မှ အဆင့်ဆင့် ရွေးချယ်မှုတွင် မြန်မာအလှမယ်မှာ ဆုရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအလှမယ် မေမြတ်နိုးမှာ နိုင်ငံတကာအလှမယ်များကို ကျော်ဖြတ်ပြီး Miss Asia Pacific World 2014 ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ 1st runner up ဆုကို ကိုရီးယားအလှမယ်၊ 2nd runner up ဆုကို မကာအိုအလှမယ်၊ 3rd runner up ဆုကို ဖိလစ်ပိုင်အလှမယ်၊ 4th runner up ဆုကို အိန္ဒိယအလှမယ်၊ 5th runner up ဆုကို စင်ကာပူအလှမယ်၊ 6th runner up ဆုကို ထိုင်းအလှမယ်တို့က ရရှိခဲ့သည်။Best in National Costume ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့သည်။

မြန်မာအလှမယ် မေမြတ်နိုးသည် Miss Asis Pacific World 2014 ပြိုင်ပွဲတွင် ဒီဇိုင်နာ ဌေးဌေးတင် ဖန်တီးထားသည့် National Costume ၊ swim suit ၊ Talent Show တို့ဖြင့် ယှဉ်ပြိုင်ခဲ့ပြီး Top 15 ၊ Top 7 အဆင့်ဆင့် ရွေးချယ်ခံခဲ့ရကာ နောက်ဆုံးအဆင့်တွင် ဗဟုသုတမေးခွန်း ဖြေဆိုခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။ ယင်းသို့ အဆင့်ဆင့်ယှဉ်ပြိုင်မှုများအပြီးတွင် Miss Aisa Pacific World 2014 ဆုကို မြန်မာအလှမယ်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအလှမယ် မေမြတ်နိုးသည် ယင်းပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် မေ ၁၈ ရက်တွင် ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မေ ၁၉ ရက်မှ ၃၁ ရက်အထိ အခြားပြိုင်ပွဲဝင်များနှင့်အတူ Camp သွင်းလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ မေမြတ်နိုး သည် မေ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည့် Talent show ပြိုင်ပွဲတွင်လည်း Popularity award ကို ရရှိခဲ့သည်။ ထို့ပြင် Missology ၀က်ဘ်ဆိုက်မှ ရွေးချယ်သည့် People’s Choice Award အတွက် အွန်လိုင်းမှ တစ်ဆင့် မဲများကောက်ခံရာတွင်လည်း မဲအရေအတွက် အများဆုံးဖြင့် ဆုရရှိခဲ့သည်။ မြန်မာအလှမယ် မေမြတ်နိုးသည် အသက် ၁၉ နှစ် ရှိပြီဖြစ်ပြီး အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကာ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် Miss International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် မြန်မာကိုယ်စားပြု အလှမယ်များ သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Eleven Media Group