လိုင်စင်အတုဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်မောင်းနှင်သူ တစ်ရက်အတွင်း သုံးဦး ဖမ်းဆီး

ပို့စ်တင်ချိန် - 6/01/2014 09:55:00 PM



ရန်ကုန်၊ မေ ၃၁

ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှု မကြာခဏ ဖြစ်ပေါ်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ပြေးဆွဲနေသော အဝေးပြေး ခရီးသည်တင် ယာဉ်များတွင် ယာဉ်မောင်းလိုင်စင် အတုဖြင့် ခရီးသည်တင်ယာဉ် မောင်းနှင်နေသူများကို ဖော်ထုတ် ဖမ်းဆီးလျက် ရှိရာ မေလ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် ခရီးသည်တင် ယာဉ်မောင်းသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မြို့ဝင်ကြေး ပေးဆောင်သည့် ဂိတ်တွင် မေလ ၂၅ ရက်နေ့က အဆိုပါ လိုင်စင်အတု ကိုင်ဆောင်ထားသည့် ခရီးသည်တင် ယာဉ်မောင်းသုံးဦးကို အမြန်လမ်း ပူးပေါင်း ယာဉ်စစ်အဖွဲ့က စစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ုကုန်မှ ကလေးသို့ ထွက်ခွာမည့် တက်လမ်းယာဉ်လိုင်း ယာဉ်ပေါ်တွင် င/ ၂၅၅၀၉ / ၁၂ နံပါတ်လိုင်စင် အတုကိုင်ဆောင်ထားသူ အကူယာဉ်မောင်း ဦးဇော်မျိုးအောင်ကို ဖမ်းဆီးရမိခဲ့ပြီး င/ ၀၀၃၁၁ / ၁၂ နံပါတ်လိုင်စင် အတုကိုင်ဆောင်ထားသူ ယာဉ်မောင်းအကူ ဦးအောင်သူကို မန်းရွှေလီ ယာဉ်ပေါ်တွင် ဖမ်းဆီးရမိကာ ရန်ကုန်-တောင်ကြီးသို့ ပြေးဆွဲနေသည့် ရွှေလွန်းပျံယာဉ်လိုင်းမှ ဦးဇော်ဇော်လတ်ကို ခ/ ၂၆၂၄ / ၀၃ လိုင်စင်အတုဖြင့် မောင်းနှင်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

“ယာဉ်မောင်းတွေကို ဖမ်းဆီးပြီး လိမ်လည်မှု ပုဒ်မ ၄၂၀၊ စာရွက်စာတမ်း အတုလုပ်မှု ပုဒ်မ ၄၆၈ နဲ့ တရားစွဲထားတယ်။ လိုင်စင်အတု ကိုင်တဲ့သူတွေက နယ်မှာနေတဲ့သူတွေ ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ယာဉ်လိုင်းများက ယာဉ်မောင်းလိုင်စင် အတုများဖြင့် ယာဉ်မောင်းခွင့် ပေးနေခြင်းမှာ ခရီးသွားပြည်သူကို မလေးစားခြင်း ဖြစ်ကြောင်း နယ်ဝေးများသို့ မကြာခဏ ခရီးသွားလေ့ ရှိသည့် ဒေါ်မြတ်ကေခိုင်က ပြောဆိုသည်။
“ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ မမောင်းခိုင်းခင်ကတည်းက လိုင်စစ် အစစ်အတု ဆိုတာ စစ်ဆေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်-နေပြည်တော်လမ်း စတင် ဖွင့်လှစ်ချိန်၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃၆၇ ဦးနှင့် ဒဏ်ရာရသူ တစ်ထောင်ကျော် ရှိခဲ့ပြီး ယာဉ်မတော်တဆ ဖြစ်စဉ်များတွင် ယာဉ်မောင်းသူ၏ ပေါ့ဆမှုမှာ ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly