ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော

ပို့စ်တင်ချိန် - 6/01/2014 09:56:00 PM



မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)
 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။

ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။

လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။

‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။

ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။

ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။

 ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။

ဥက္ကာကိုကို
အောင်သစ်လွင်
7day daily