အထူးကုဆရာဝန်ကြီးတွေ အခမဲ့ကုသပေးတဲ့ သင်္ဃန်းကျွန်းက ရောင်ခြည်သစ်ဆေးခန်း

ပို့စ်တင်ချိန် - 6/01/2014 09:56:00 PM


အခမဲ့ ဆေးခန်းဆိုတာ နှာစေးချောင်းဆိုးနဲ့ အပရိက ဖျားနာတာလောက်ပဲ ကုသတာလို့ အားလုံးက သိထားကြပါတယ်။ အခုတော့ အထွေထွေရောဂါကု အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် စမ်းသပ်စစ်ဆေးပေးတဲ့ အခမဲ့ဆေးခန်းတစ်ခု ရန်ကုန်မှာ ရှိပါတယ်။

သင်္ဃန်းကျွန်း စံပြဈေး ၁လမ်းမှာ ဖွင့်ထားတဲ့ ရောင်ခြည်သစ် အခမဲ့ဆေးခန်းဟာ ၂ဝ၁၃ကစပြီး စေတနာ့ဝန်ထမ်း အလှူရှင်တွေ၊ လုပ်အားပေးတွေနဲ့ ထူထောင်ထားတာဖြစ်ပြီး မီးယပ်သားဖွား၊ ကလေး၊ အရေပြား၊ အရိုးအကြော၊ သွားနဲ့ခံတွင်း၊ အထွေထွေ စတဲ့ ရောဂါတွေအတွက် အထူးကု ဆရာဝန်ကြီး ၆ယောက်က အလှည့်ကျ တာဝန်ယူနေပါတယ်။

ဘွဲ့ရပြီးခါစမှာ အတွေ့အကြုံလိုချင်လို့ လုပ်အားဝင်ပေးနေတဲ့ ဒေါက်တာ ဝင်းမင်းသက်ကတော့ ဆေးကုသ စားရိတ်တွေ မြင့်တက်နေချိန်မှာ အခုလို အထူးကုဆရာဝန်ကြီးတွေနဲ့ အခမဲ့ပြသခွင့်ရတာဟာ ပြည်သူတွေအတွက် အကျိုးရှိတယ်လို့ ယုံကြည်နေပါတယ်။

တောင်ဒဂုံကနေ ရောင်ခြည်သစ်ဆေးခန်းကို လာပြတဲ့ ဒေါ်ဝင်းက ဒီဆေးခန်းကိုလာပြတာ ၄ခေါက်ရှိသွားပြီလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း နွေးထွေးပျူငှာသလို ဒီလို အခမဲ့ဆေးခန်းတွေရှိတာကြောင့် အတော်ပဲ အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်တတ်ထားတဲ့ ပညာနဲ့ ပြည်သူ့ကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင်ချင်လို့ ငွေကြေးအခက်အခဲရှိပေမယ့်လည်း စေတနာနဲ့ လုပ်ရမှာပဲလို့ ဆိုလာသူက ဒေါက်တာကျော်စွာဦးပါ။ ဆေးခန်းတာဝန်ခံလည်းဖြစ်တဲ့သူကတော့ စေတနာ့ဝန်ထမ်းအားတွေ လိုသေးတယ်လို့ ရှင်းပြပါတယ်။

အထူးကုဆရာဝန်ကြီးတွေနဲ့ ကုသတဲ့ တစ်နှစ်ကျော်အတွင်းမှာ လူနာ ၇ထောင်ကျော်ကို ကုသနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
kamaryut media