လူမျိုးရေး၊ ဘာသာရေးနှင့်ဆက်နွှယ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားထားသည့်စာများ ဖြန့်နေ

ပို့စ်တင်ချိန် - 6/01/2014 09:59:00 PM



ပုဒ်မ ၄၃၆ မပြင်ဆင် ရေးအပါအဝင် ဒေါ်အောင်ဆန်း စုကြည်ကို ပုတ်ခတ်ရေးသားထား သည့် စာရွက်များ မန္တလေးမြို့ နယ်ခြောက်ခုတွင် တိတ်တဆိတ်ဖြန့်ဝေမှုများရှိခဲ့ကြောင်း သတင်း ရရှိသည်။

ပုဒ်မ ၅၉(စ)ဟု ရေးသား ထားသည့် လေးထောင့်ပုံးပေါ် တွင် ကြီးမြတ်သူတို့ထိုင်ရန်ထိုင်ခုံ တစ်ခုံတင်ထားပြီး ထိုင်ခုံရှေ့ရှိ ပုဒ်မ ၄၃၆ ဟုရေးထားသည့် လေးဖက်ကုန်းနေသော လူတစ် ဦး၏ ကျောပေါ်မှတစ်ဆင့် အစ္စ လာမ်ဘာသာဝင်ဟု ယူဆရသူ တစ်ဦးက ထိုင်ခုံဆီသို့ ဖြတ် လျှောက်နေသည့်ဟန်ရေးသား ထားသည့် သရုပ်ဖော်ပုံတစ်ကွက် နှင့် ဘာကြောင့် ပုဒ်မ ၄၃၆ ကို ဒေါ်အောင်ဆန်းစုကြည်ပြင်ချင် သလဲ။ ပုဒ်မ ၄၃၆ကိုမပြင်သင့် သလဲဟူသည့် အကြောင်းများရေးသားထားသည့်စာရွက်များ မန္တလေးမြို့တွင်းရှိ အောင်မြေ သာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာအောင်မြေနှင့် အမရပူရမြို့နယ်များတွင် မေလ ၃၀ ရက်နံနက်အစောပိုင်း အချိန်များက တိတ်တဆိတ်ဖြန့် ဝေမှုများပြုလုပ်ခဲ့ကြောင်းမန္တလေး တိုင်းဒေသကြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ဖြန့်ဝေခဲ့သည့် စာရွက်များ မှာ သာမန်စာရွက်များထက် ဆယ် ဆခန့်ထူပြီး အလွယ်တကူဆွဲဖြဲ၍ မရနိုင်အောင်ပြုလုပ်ထားခြင်းဖြစ် ကြောင်း စာရွက်ထဲတွင် ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ချင်သည့်စိတ်တစ်ခုတည်းကြောင့် သာ ပုဒ်မ ၄၃၆ ကိုပြင်ချင်ရခြင်း သာဖြစ်ပြီး နိုင်ငံအကျိုး၊ လူထု အကျိုးအတွက် ပြင်ရန်စီစဉ်နေ ခြင်းများမဟုတ်ကြောင်း စသည်ဖြင့် ပုတ်ခတ်ရေးသားထားကြောင်း မန္တလေးတိုင်းဒေသကြီး အဖွဲ့ချုပ်အတွင်းရေးမှူး ဦးတင်ကိုကိုကပြောသည်။

‘‘စာရွက်သားကလည်း အကောင်းစား။ အများကြီးလည်း ဖြန့်နိုင်တယ်ဆိုတော့ တော်ရုံ ကျောထောက်နောက်ခံ အဖွဲ့အစည်းမရှိရင်မရဘူး။ ဘယ်အဖွဲ့ က လုပ်တာလဲဆိုတာကိုတော့ မခန့်မှန်းချင်ဘူး။ ဒါပေမဲ့ ဒီကိစ္စ ကို လွတ်လပ်စွာသဘောထားကွဲ ပိုင်ခွင့်ရှိတာကို ရဲရဲတင်းတင်း မဖော်ထုတ်ဘဲ ဒီလိုတိတ်တဆိတ် လုပ်တာကတော့ ပြည်သူအပေါ် မရိုးသားတာပဲ’’ဟု ဦးတင်ကိုကို ကပြောသည်။

‘‘ဒီလို စာတွေဝေတာကို ကြည့်ပြီးတော့ ဘာသာရေးကိုခုတုံးလုပ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကို နှောင့်ယှက်တယ်လို့တော့ပြောလို့မရဘူး။ အမှန်ဆိုရင်တော့ ဒါကိုသေချာစုံစမ်းဖော် ထုတ်ပြီးတော့ အရေးယူသင့် တယ်’’ ဟု နိုင်ငံရေးလေ့လာသုံး သပ်ချက်ဆောင်းပါးများရေးသား နေသူ ဦးစည်သူအောင်မြင့်က ပြောသည်။

ယခုကဲ့သို့ ဝါဒဖြန့်စာရွက် များ ဝေငှသောကိစ္စရပ်သည် လူထုကြားထဲ အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်သောကိစ္စရပ်များဟုသာရှုမြင်ပြီး နောက်ကွယ်မှ ဆောင်ရွက်သူရှိပါက စုံစမ်းဖော်ထုတ်အရေးယူသင့် ကြောင်း ၎င်းကဆိုသည်။

‘‘ဒီကိစ္စကတော့ ပြည်သူတွေ ကြားထဲမှာ အထင်အမြင်လွဲမှား မှုတွေဖြစ်အောင်လုပ်တယ်လို့ပဲ မြင်တယ်။ ဘာသာရေးပုံစံမျိုးကို ခုတုံးလုပ်ပြီး ဒီလိုစာတွေဝေတယ် ဆိုတာက ရုတ်တရက်ဆိုအထင် လွဲနိုင်တယ်။ ကျုပ်တို့အနေနဲ့က မျိုးစောင့်ဥပဒေပေါ်ထွက်ဖို့နဲ့ ပဋိ ပက္ခတွေ နောက်ထပ်ဖြစ်မလာ အောင်ကာကွယ်ဖို့ပဲလုပ်ဆောင် နေတယ်’’ဟု အမျိုးဘာသာစောင့် ရှောက်ရေးအဖွဲ့မှ ဆရာတော် တစ်ပါးကမိန့်ကြားသည်။

မြို့နယ်ခြောက်မြို့နယ်ရှိ လူစည်ကားရာနေရာအချို့တွင် ပြန့်ကျဲနေသော ယင်းစာရွက်များ ကို နံနက်လင်းသည့်အချိန်မှသာ တွေ့ရှိခဲ့ရသောကြောင့်ညအချိန် ကတည်းက ကြိုတင်အကွက်ချ စီစဉ်ပြုလုပ်ခြင်းမျိုးဖြစ်နိုင်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍   ဒီချုပ်(ဗဟို)ထံသို့ အကြောင်းကြားစာတင်ပြထားပြီးဖြစ်ကြောင်း တိုင်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။

ပုဒ်မ ၄၃၆ ကိုပြင်ဆင်နိုင် ရန် ပြည်သူလူထုများ အားလုံး ပါဝင်သည့် လက်မှတ်ရေးထိုးရေး အစီအစဉ်ကို မြန်မာတစ်နိုင်ငံ လုံးရှိမြို့များတွင် ယခုမေလ ၂၇ရက်မှ ဇူလိုင် ၁၉ ရက်ထိ ပြုလုပ်နေစဉ် ယခုကဲ့သို့ ပုဒ်မ ၄၃၆ ကိုမပြင်ဆင်ရန် ဆန့်ကျင်သည့် စာရွက်များဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အေးမွန်ရာပြည့်
7day daily