ထိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် အချိန်တစ်နှစ်ကျော် ကြာမည်ဟု ကာကွယ်ရေးဦးစီးချုပ် ကြေညာ

ပို့စ်တင်ချိန် - 6/01/2014 12:38:00 PM


ဘန်ကောက်၊ မေ ၃၁

စစ်တပ်က အာဏာသိမ်းမှု ခံနေရသော ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများ ပြုလုပ်ရန် အချိန်တစ်နှစ်ကျော် ကြာဦးမည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက ကြေညာလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့ ညပိုင်းက ထုတ်လွှင့်ခဲ့သည့် ရုပ်သံကြေညာချက်တွင် ထိုင်းကာကွယ်ရေးဦးစီးချုပ်က အဆင့်သုံးဆင့် ပါသော လမ်းပြမြေပုံကို ချပြခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရန် အချိန် ၁၅ လခန့် ကြာဖွယ်ရှိသည်။

လမ်းပြမြေပုံ ပထမအဆင့်တွင် အချိန်နှစ်လမှ သုံးလခန့် ယူ၍ တိုင်းပြည်လုံခြုံရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

လမ်းပြမြေပုံ ဒုတိယအဆင့် အနေနှင့် ဥပဒေ ပညာရှင်များက ယာယီ အခြေခံဥပဒေကို ရေးဆွဲပြီး အမျိုးသားညီလာခံ ဖွဲ့စည်းကျင်းပ၍ ဝန်ကြီးချုပ်ကို ရွေးချယ်မည်ဖြစ်ရာ ယင်းအဆင့်အတွက် အချိန်တစ်နှစ်ခန့် ယူဖွယ်ရှိသည်။

လမ်းပြမြေပုံ တတိယအဆင့်တွင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ မကျင်းပမီ ကြားကာလတွင် ထိုင်းပြည်သူများနှင့် နိုင်ငံတကာအနေနှင့် နားလည်ပေးကြရန် ထိုင်းကာကွယ်ရေးဦးစီးချုပ်က ပန်ကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ မကျင်းပမီ ၂၀၁၅ ဘတ်ဂျက်ကို လမ်းပြမြေပုံ ဒုတိယအဆင့်တွင် ဖွဲ့စည်းမည့် ကြားဖြတ်အစိုးရက စီမံခန့်ခွဲသွားမည် ဖြစ်သည်။

“တိုင်းပြည်က ပထမ ဦးစားပေးပါ။ ဒီမိုကရေစီက နောက်က လိုက်လာပါမယ်။ ကျွန်တော်တို့အတွက် အချိန်လိုပါတယ်။ ဒီမစ်ရှင်ပြီး သွားရင်တော့ ကျွန်တော်တို့ စစ်တပ်ရဲ့ မူလတာဝန်တွေကို ပြန်ထမ်းဆောင်မှာပါ။” ဟု ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက ပြောကြားသည်။

The Voice Weekly