ရွှေလင်ပန်းအိမ်ရာရှိ အခန်းပေါင်း (၇၀၀) ကျော် လာမည့် လတွင် စတင်ရောင်းမည်

ပို့စ်တင်ချိန် - 6/01/2014 12:32:00 AM


ရန်ကုန်

စိုးစည်သူ

လှိုင်သာယာ မြို့နယ် အတွင်းရှိ ရွှေလင်ပန်း တန်ဖိုးမျှတ အိမ်ရာမှ အခန်းပေါင်း (၇၀၀) ကျော်အား ဇွန်လ ဆန်းတွင် ၀ယ်ယူခွင့် လျှောက် လွှာများ ပထမအကြိမ် စတင် ရောင်းချ ပေးမည်ဖြစ်သည်။

အဆိုပါ အိမ်ရာအား လျှောက်ထားရာတွင် ၀င်ငွေနည်းသော နိုင်ငံ့ဝန်ထမ်း၊ အစိုးရ ပင်စင်စား၊ ကုမ္ပဏီ ၀န်ထမ်းနှင့် အမှန်တကယ် အိမ် ပိုင် မရှိသေးသူများ ကိုသာ လျှောက်ထား ခွင့်ပြုမည် ဖြစ်ကြောင်း မြို့ ရွာ နှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနမှ သိရသည်။ ရွှေလင်ပန်း အိမ်ရာကို ရောင်းချ လို့ ပြီးသွားတာနဲ့ ကျန်စစ်သားအိမ်ရာက အခန်းတွေကို ဆက်ပြီး ရောင်းချပေးသွားမှာပါ။အခန်း ဈေးနှုန်းကလည်း ၀င်ငွေနည်းတဲ့ဝန်ထမ်းတွေ လက်လှမ်း မီတဲ့ ဈေးနှုန်းတစ်ခုပါ ဟု မြို့ ရွာ နှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

ယင်းအိမ်ရာရှိ ရောင်းချမည့် အခန်းများ၏ ဈေးနှုန်းမှာ Steel Construction  အခန်း မှာ မြေညီထပ်တွင် ကျပ်သိန်း (၁၂၀)၊ ပထမ ထပ် (၁၁၅) သိန်း၊ ဒုတိယထပ် (၁၁၃) သိန်း နှင့် တတိယထပ် (၁၁၀) သိန်းဖြစ်ပြီး၊ RC  အခန်းဈေးနှုန်းမှာ မြေညီထပ် (၁၂၅) သိန်း၊ ပထမ (၁၂၂)သိန်း၊ ဒုတိယ (၁၁၉)သိန်းနှင့် တတိယ ထပ် (၁၁၆) သိန်းတို့ဖြစ်ကြောင်း သိရသည်။

ဒီဈေးနှုန်းက အခြေခံ ၀န်ထမ်းတွေပါ လက်လှမ်းမီနိုင်တဲ့ ဈေးတစ်ခုပါ။ ဒါပေမဲ့ တကယ် လိုအပ်လို့ မဟုတ်ဘဲ စီးပွားရေးလုပ် စားမယ့် သူတွေ ကိုတော့ စိစစ်ပေးသင့်တယ် ဟု Lion Myanmar  ကုမ္ပဏီမှ ၀န်ထမ်း တစ်ဦးဖြစ်သူ မသူဇာက ပြောသည်။

ရွှေလင်ဗန်းအိမ်ရာတွင် အခန်းပေါင်း နှစ်ထောင်ကျော်ရှိကာ၊ ယင်းအခန်းများကို ယခုနှစ်အတွင်း အပြီးသတ် ရောင်းချပေးသွား မည်ဖြစ်သည်။ ရောင်းချရာတွင် အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးမည်ဖြစ်၍ ပထမအရစ် ပေးသွင်းပါက တန်ဖိုး၏ (၃၀) ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အိမ်ရာ စီမံကိန်း (၁) တွင် ခြောက်ခန်းတွဲလေးထပ် (၃၂) လုံး ပါဝင်ပြီး ကြမ်းခင်း ဧရိယာ (၄၆၈) မီတာ ရှိသည့်အပြင် သံဖရိန်များဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။ RC စနစ်ဖြင့် တည်ဆောက်ထား သော အခန်း၏ ကြမ်းခင်း ဧရိယာမှာ ၅၄၀ မီတာ ကျယ်ဝန်းကြောင်း သိရသည်။ ထို့ပြင် လက်ရှိ ဆောက်လုပ်နေသည် ကျန်စစ်သားအိမ်ရာ၊ ဧရာဝဏ်အိမ်ရာနှင့် ရတနာအိမ်ရာ စီမံကိန်းများရှိ အခန်းများကို လည်း မကြာမီ ရောင်းချပေး သွားမည်ဖြစ်ပြီး၊ အဆိုပါ အိမ်ရာတစ်ခုတွင် အခန်းပေါင်း နှစ် ထောင်ကျော် ပါဝင်ကြောင်း မြို့ ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

the messenger