အမြန်လမ်းတွင် ငါးလအတွင်း သတ်မှတ်မိုင်ကျော်မောင်းသော ကားငါးရာကျော်ကို အရေးယူ

ပို့စ်တင်ချိန် - 6/01/2014 09:40:00 AM

နေပြည်တော် အမြန်လမ်းမကြီးတစ်နေရာ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)



အမြန်လမ်းတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ်များကို စစ်ဆေး  ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ဇန်န၀ါရီမှ မေလကုန်အ ထိ ယာဉ်စီးရေ ငါးရာကျော်အား အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

 ရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေး တွေ့ရှိချက်များအရ ငါးလအ တွင်း သတ်မှတ်ချက်ထက်ကျော် လွန်မောင်းနှင်သော ယာဉ် ၅၈၆ စီးကို စစ်ဆေးအရေးယူမှုများ ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

  ‘‘သတ်မှတ်နှုန်းထက် မမောင်းဖို့ကို ယာဉ်မောင်းတွေရော ယာဉ်ပိုင်ရှင်တွေကိုပါ ပညာပေးတာတွေကို လက်ကမ်းစာစောင်တွေကတစ်ဆင့် ဆောင်ရွက်ပါတယ်။ ဒါတောင် မောင်းနေတဲ့သူတွေ ရှိနေလို့ အခုလို ဖမ်းဆီးစစ်ဆေးတာတွေကို လုပ်နေတာပါ။ အရှိန်တိုင်းကိရိယာနဲ့ ဖမ်းဆီးနေတဲ့အတွက် အခုနောက်ပိုင်း ပြစ်မှုတွေ လျော့ကျ လာတာတွေ့ရတယ်။ အရင်ကထက် တစ်ဝက်ကျော် ပြစ်မှုတွေကျဆင်းလာတာဖြစ်ပါတယ်’’ ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေ၀င်းက ပြောသည်။

 ယခုနှစ်ဇန်န၀ါရီမှ မေလ အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုများမှာ ယာဉ်မောင်း အိပ်ငိုက်၍ ဖြစ်ပွားမှုမှာ ၁၁ မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှုကြောင့်  သုံးမှု၊ တိရစ္ဆာန်များကြောင့် သုံး မှု၊ ဆိုင်ကယ်များနှင့် တိုက်မှု ၁၈ မှု၊ အနှေးယာဉ်ပေါ့ဆမှု တစ်မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၂ မှု မဆင်မခြင် မောင်းနှင်မှု ၃၄ မှု၊ ကားဘီးပေါက်မှု ၆၁ မှု၊ စက် ချို့ယွင်းမှု ၁၁ မှု၊ လမ်းချော်မှု တစ်မှုနှင့် ရာသီဥတုကြောင့် ဖြစ် ပွားခဲ့ရသော ယာဉ်တိုက်မှု နှစ်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းရဲ တပ်ဖွဲ့မှူးရုံး၏ စာရင်းများတွင် ဖော်ပြထားသည်။

‘‘ယာဉ်ပိုင်ရှင်တွေကလည်း ငွေကြေးသိန်းပေါင်းများစွာ ရင်းထားရတဲ့အတွက် ကိုယ့် မောင်းကဘာလိုင်စင်ရထားသလဲဆိုတာကိုစိစစ်တာတွေကို အဓိကလုပ်သင့်တာပေါ့။  ခရီးသည်တွေ အန္တရာယ်ကို ကာကွယ်ဖို့ ယာဉ်ပေါ်မှာ တာဝန်ရှိသူက ဘယ်နေရာမှာတူရှိတယ်။ ဘယ်နေရာမှာ အသက်ကယ်အိတ်ရှိတယ်ဆိုတာ ကြိုလုပ်ပေးသင့်တယ်။ ခရီးသည်တွေအတွက် မိုးပြိုခဲ့သည်ရှိသောကာကွယ်မှုကို ကြိုလုပ်ထားသင့်တယ်’’ ဟု ရဲမှူးကြီးနေ၀င်းက ပြောသည်။

မေလအတွင်း ယာဉ်မောင်း များ သတ်မှတ်လိုင်စင်မဟုတ်ဘဲ မောင်းနှင်မှုကြောင့် ယာဉ်မောင်း ၁၀၆ ဦးကို ပြစ်မှုထင်ရှား၍ ယာဉ်မမောင်းနှင်ရန်အထိကို အရေးယူမှုများ ရှိနေကြောင်း၊ တိုးချဲ့စစ်ဆေးမှုများကိုပါ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သူရကျော်
7day daily