ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အမြန်ဆုံး ဆောင်ရွက်ရန် ဗြိတိန်အောက်လွှတ်တော် ဥက္ကဋ္ဌ ထပ်မံတိုက်တွန်း

ပို့စ်တင်ချိန် - 1/19/2014 03:53:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၈

၂၀၁၅ ခုနှစ်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအမီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ရန် လိုအပ်နေပြီဟု ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုးက ဇန်နဝါရီလ ၁၆ ရက်နေ့က အောက်လွှတ်တော် အစည်းအဝေးတွင် ထပ်မံတိုက်တွန်း ပြောကြားလိုက်သည်။

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခွင့် ပိတ်ပင်ထားသည့် ဥပဒေကို အဓိက ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာစေရေးအတွက် မြန်မာ ပြည်သူလူထု အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးက မျှော်လင့်တကြီး ရှိနေချိန်တွင် ၎င်းမပါဘဲ ရွေးကောက်ပွဲ ကျင်းပခြင်းသည် ပြည်သူလူထု ကောင်းစားရေးအတွက် မဟုတ်ဘဲ သမ္မတရုံးမှ အရာရှိကြီးများ ကောင်းစားရေး အတွက်သာ ပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကြီးကို အများဆန္ဒအတိုင်း မျှတစွာ ကျင်းပခွင့်ရပါက မြန်မာ့နိုင်ငံရေး သမိုင်း၏ အဓိက မှတ်တိုင်တစ်ခု ဖြစ်လာမည့်အပြင် စစ်မှန်သော ဒီမိုကရေစီ စနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်ပြီး၊ သန်းပေါင်း များစွာသော ပြည်သူလူထု တစ်ရပ်လုံး၏ ဘဝများကို ပြောင်းလဲစေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကိစ္စက ဒီမိုကရေစီရေးနဲ့ ပတ်သက်တာကြောင့်ရယ်၊ ကျွန်တော် ကိုယ်တိုင်က မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား ရှိခဲ့တာကြောင့် ဒီအတိုင်း ဆက်ပြီးတော့ နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနဲ့ ဆိုင်တဲ့ဥပဒေကို အမြန်ဆုံး ပြင်စေချင်တယ်” ဟု မစ္စတာဘားကိုးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဗြိတိန် နိုင်ငံရေး လောကတွင် သြဇာကြီးမားသော အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုးသည် ပြည်တွင်း၊ ပြည်ပ မူဝါဒရေးရာ ကိစ္စများနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုလေ့ မရှိခဲ့သော်လည်း ယခုအကြိမ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၎င်း၏ သဘောထားတစ်ရပ်ကို ပြတ်ပြတ်သားသား ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် The Independent သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရက သက်တမ်းသုံးနှစ် ကာလအတွင်း ဖော်ဆောင်နေသည့် အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံရေး အရ ဖြေလျှော့ပေးခြင်းကို ဗြိတိန်နိုင်ငံ အနေနှင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဂျွန်ဘားကိုး၏ ပြောကြားချက်ကို ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ထောက်ခံခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဘဲ ကျင်းပသော ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် မျှတမှုကို အခြေခံနိုင်မည် မဟုတ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုးသည် အောက်လွှတ်တော် အမတ်နှစ်ဦးနှင့် ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည်။
The Voice Weekly Myanmar