လေထု ညစ်ညမ်းလျက် ရှိခြင်းကြောင့် ဘေဂျင်းပြည်သူများ ကြိုတင်ကာကွယ်ကြရန် သတိပေး

ပို့စ်တင်ချိန် - 1/19/2014 08:55:00 PM


ဘေဂျင်း၊ ဇန်နဝါရီ ၁၆

လေထုညစ်ညမ်းမှု မကြာခဏ ဖြစ်လေ့ ရှိသော တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ယခုတစ်ဖန် ထပ်မံ၍ လေထုညစ်ညမ်းမှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် ဘေဂျင်းမြို့ တော်တွင် နေထိုင်သူများ အနေနှင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်သွားကြရန် သတိပေးထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကြာသပတေးနေ့က တရားဝင် လေထု ညစ်ညမ်းမှု တိုင်းတာချက်အရ လက်ရှိဘေဂျင်း မြို့တော်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ပမာဏထက် အဆ ၂၀ ကျော်အထိ ရောက်ရှိနေသောကြောင့် ယခုကဲ့သို့ သတိပေးခြင်းလည်း ဖြစ်သည်။

ဘေဂျင်းမြို့တော်တွင် မီးခိုးများ ထူထပ်နေခြင်းကြောင့် မိုးမျှော်တိုက်ကြီးများကိုပင် မီးခိုးမြူများဖြင့် ဖုံးလွှမ်းနေပြီး မကောင်းသော အနံ့အသက်များလည်း ခံစား ရှူရှိုက်နေရသည်။

ထို့ကြောင့် အလုပ်လုပ်သူ ဝန်ထမ်းများအနေနှင့် အကာအကွယ် မျက်နှာဖုံးစွပ်များ ဝတ်ဆင်ကြရန်၊ အသက်အရွယ် ကြီးရင့်သူများနှင့် ကလေးများ မိမိအိမ်တွင်း နေထိုင်ကြရန် ဘေဂျင်းမြို့၏ အစိုးရ အာဏာပိုင်များက တိုက်တွန်းထားသည်။

PM 2.5 ဟုခေါ်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လေထုထဲတွင် ရှိသင့်သော အမှုန် ပမာဏ သတ်မှတ်ချက်အရ တစ်ကုဗ မီတာတွင် အမှု ၂၅ မိုက်ခရိုဂရမ်သာ ရှိရမည် ဖြစ်ရာ ယခု ဘေဂျင်းမြို့တော်တွင် တစ်ကုဗမီတာလျှင် အမှုန်ပမာဏ ၅၀၀ မိုက်ခရိုဂရမ်ထိရှိရာ ရှိသင့်သည့် ပမာဏထက် အဆ ၂၀ အထိ ပိုမို များနေခြင်းလည်း ဖြစ်သည်။

ဘေဂျင်းရှိ အမေရိကန် သံရုံးတွင်ရှိသော လေထု ညစ်ညမ်းမှု တိုင်းထွာချက်အရ လေထုတွင်းရှိ အမှုန်ပမာဏသည် ရှိသင့်သည်ထက် ၂၅ ဆထိ ပိုနေသည်ကို တွေ့ရပြီး တရားဝင် တိုင်းတာသည့် ရလဒ်ထက် ငါးဆ ပိုလျက်ရှိသည်။

“လမ်းဟိုဘက်က တိုက်အမြင့်ကြီးကို မမြင်ရဘူး” ဟု ကျန်းဟုခေါ်သော ယာဉ်ကြော ထိန်းသိမ်းရေး လုပ်ဆောင်သူ တစ်ဦးဖြစ်သူက အေဖက်ပီ သတင်းဌာနကို ပြောကြားသည်။

ကျောက်မီးသွေး စွမ်းအင်စက်ရုံများ၊ စက်မှုစက်ရုံများနှင့် သန်းနှင့်ချီသော ကားများကြောင့် တရုတ်နိုင်ငံ မြို့ကြီးများတွင် လေထု ညစ်ညစ်မှုများ မကြာခဏ ဖြစ်လေ့ရှိ ကြောင်း ဘေဂျင်းရှိ BBC သတင်းထောက် မာတင်ပေးရှန့်က ကပြောကြားသည်။

လေ့လာချက်များအရ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် အချိန်မတိုင်မီ သေဆုံးမှု များ ဖြစ်ပွားလေ့ရှိသည်။

ယမန်နှစ်က ဘေဂျင်းမြို့တော်၏လေထုညစ်ညမ်းမှုမှာ အန္တရာယ်ရှိသော အဆင့်အထိ ရောက်ရှိသွားခဲ့ခြင်းကြောင့် တရုတ်အစိုးရ မီဒီယာနှင့် အခြားမီဒီယာများက ဝေဖန် ပြောကြားခဲ့ပြီးနောက် လေထု သန့်စင်ရေး လုပ်ငန်းများ ပိုမိုဆောင်သွားမည်ဟု တရုတ် အစိုးရ အာဏာပိုင်များက ကတိပြုခဲ့ကြသည်။
The Voice Weekly Myanmar