မြစ်ကြီးနားလေဆိပ် ပြင်ဆင်ရက် နန်ပေါင် တပ်မတော် လေယာဉ်ကွင်း တွင် ပြောင်းဆင်းမည်

ပို့စ်တင်ချိန် - 1/19/2014 03:34:00 PM


မြစ်ကြီးနား၊ ဇန်နဝါရီ ၁၈

မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်း ပြင်ဆင်မှု လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်မည့် နေ့ရက်များတွင် ဆင်းသက်မည့် လေယာဉ် ခရီးစဉ်များအားလုံး မြစ်ကြီးနားမြို့ နန်ပေါင် တပ်မတော် လေယာဉ်ကွင်းတွင် ပြောင်းလဲ ဆင်းသက်ရမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိက The Voice သို့ပြောကြားသည်။

မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးလမ်း ပြင်ဆင်ရန်အတွက် လေယာဉ်ကွင်းကို သုံးရက်ပြင် လေးရက်ပိတ်နှင့် လေးရက်ပြင် သုံးရက်ပိတ် အစီအစဉ် နှစ်ခုကို နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ သုံးရက်ပြင် လေးရက်ပိတ် အစီအစဉ်ဖြင့် လုပ်ဆောင်ရန် ညွန်ကြားခဲ့သည့်အတွက် သောကြာ၊ စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွက် ပြေးလမ်း ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းပိတ်ရက်များတွင် ဆင်းသက်မည့် လေကြောင်း ခရီးစဉ်များကိုလည်း လေကြောင်း ကုမ္ပဏီများနှင့် ညှိနှိုင်းလျက် ရှိကြောင်း ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိက ပြောကြားသည်။

“နန်ပေါင်ကွင်းမှာ ဆင်းမယ့်လေးရက်မှာ လေယာဉ်တစ်စင်း ဆင်းမယ့်ရက်က နှစ်ရက်၊ နှစ်စင်းဆင်းမယ့် နှစ်ရက် ဖြစ်နေတာကို လေးရက်စလုံးမှာ တစ်ရက်ကို နှစ်စင်းစီ ဆင်းသက်နိုင်ဖို့အတွက် ညှိနှိုင်းနေတာပါ။ နန်ပေါင်ကွင်းမှာ ဆင်းမယ့် အရေအတွက် ခရီးစဉ် နည်းသွားရင် ခရီးသွား ပြည်သူတွေအတွက် လေယာဉ် ခရီးစဉ်တွေ ကျပ်သွားတာမျိုး မဖြစ်အောင် ပြည်နယ်ဝန်ကြီးချုပ်က စီစဉ်ညှိနှိုင်းနေတာပါ” ဟု ယင်းကိုယ်ရေးအရာရှိက ဆိုသည်။

နန်ပေါင် တပ်မတော် လေယာဉ်ကွင်းတွင် ဆင်းသက်မည့် နေ့များတွင် လေယာဉ်စီး ခရီးသည်များအတွက် ပုံမှန်ပြုလုပ်ရမည့် လုံခြုံရေး စစ်ဆေးခြင်းနှင့် ပေါင်ပို စစ်ဆေးခြင်း ကိစ္စများကို မြစ်ကြီးနား လေဆိပ်တွင်သာ ပြုလုပ်သွားမည် ဖြစ်ပြီး ခရီးသည်များကို မြစ်ကြီးနားလေဆိပ်မှ နန်ပေါင် တပ်မတော်လေဆိပ်သို့ သွားရောက်နိုင်ရန် အတွက်လည်း မှန်လုံ မော်တော်ယာဉ် လေးစီးကိုလည်း စီစဉ်ထားရှိကြောင်း ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှအရာရှိ တစ်ဦးက ထပ်မံပြောကြားသည်။

မြစ်ကြီးနား လေယာဉ်ကွင်း၌ လေယာဉ်ပြေးလမ်း မဟုတ်သည့် အခြားနေရာများတွင် ပြင်ဆင်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး လေယာဉ်ကွင်း ပိတ်၍ ပြေးလမ်း ပြင်ဆင်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ၂၈ ရက်နေ့မှသာ စတင်ဆောင်ရွက်မည်ဖြစ်ကာ အချိန်ကာလအားဖြင့် သုံးလခန့် ကြာမြင့်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ ဆက်လက် သိရှိရသည်။

မြစ်ကြီးနားလေဆိပ် ပြင်ဆင်မှု လုပ်ငန်းများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက နောက်ဆုံးပြုလုပ်ခဲ့ပြီး ယင်းအချိန်က သုံးရက်ခန့် ကွင်းပိတ် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သော်လည်း တပ်မတော် လေဆိပ်သို့ သွားရောက် ဆင်းသက်ခြင်းမျိုး မရှိခဲ့ကြောင်းနှင့် ယခုနှစ် ကွင်းပိတ်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်ချိန်မှသာ ပထမဆုံး အကြိမ်အဖြစ် နန်ပေါင် တပ်မတော် လေဆိပ်သို့ ပြောင်းရွှေ့ ဆင်းသက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။
The Voice Weekly Myanmar