နိုင်ငံရေးတွင် တပ်မတော် ပါဝင်စွက်ဖက်ခြင်း မပြုရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပို့စ်တင်ချိန် - 1/19/2014 01:56:00 PM

ဘားအံ၊ ဇန်န၀ါရီ ၁၈

တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခြင်း မပြုရန် မူဝါဒသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒသာ ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှင်းလင်းပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

တပ်မတော်နှင့် ပြည်သူအကြား အမျိုးသား ရင်ကြားစေ့ရန်အတွက် တရားမျှတရန် လိုအပ်မည် ဖြစ်ခြင်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း အမျိုးသား ရင်ကြားစေ့ရေးကိုသာ ဦးတည် လုပ်ဆောင်မည် ဖြစ်သော်လည်း တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်စွက်ဖက်ခြင်း မပြုရန် တစ်နည်းမရပါက နောက်တစ်နည်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်မတို့က တပ်မတော်ကို တိုက်ခိုက်တာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက အပြစ်အနာဆာတွေကို ထောက်ပြတာ။ တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေ့ဖို့က မျှတဖို့တော့ လိုပါတယ်။ ဒီလိုပြင်ခြင်းသည် တပ်မတော် အပေါ်မှာရော၊ ပြည်သူ အပေါ်မှာရော စေတနာထားပြီး လုပ်ဆောင်နေခြင်း ဖြစ်တယ်။ ဒီမှုကလည်း တပ်မတော်ကို ထူထောင်ခဲ့တဲ့ ဖေဖေ့ရဲ့မှုပဲ ဖြစ်တယ်။ ဖေဖေပြောတဲ့ စကားအတိုင်းဆိုရင် နိုင်ငံဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်ရဘူး။ တပ်မတော်ဟာ နိုင်ငံရဲ့ အခြေခံ ဖြစ်ရမယ်” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၆ ၏ အပိုဒ်ခွဲ (စ) တွင် နိုင်ငံတော်၏ အမျိုးသား ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစ်စိုက် ဦးတည်သည်ဟု ဆိုထားခြင်းကြောင့် ယင်းအခြေခံ ဥပဒေသည် အခွင့်အရေး တစ်ရပ်ကို ပေးထားသလို ဖြစ်နေပြီ တရားမျှတခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။

နိုင်ငံသားများသည် ငါးနှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲများတွင် ကြားဖြတ် ရွေးကောက်ပွဲ မရှိပါက ၎င်းတို့ အနေဖြင့် ကိုယ်စားလှယ် လေးဦးကိုသာ ရွေးချယ်ခွင့် ရှိသော်လည်း ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော် သက်တမ်းတိုင်းတွင် ယင်းဦးစီးချုပ်က စိတ်ကြိုက် ရွေးချယ်နေခြင်းသည် မျှတမှု မရှိကြောင်း ဦးအောင်ကြည်ညွန့်က ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ပါက ဘာကြောင့် မပြင်ချင်သလဲ ဆိုသည့် အချက်ကို ပြည်သူလူထု ရှေ့မှောက်တွင် ရှင်းပြရဲသည့် သတ္တိရှိမှသာ ကိုယ်စားလှယ် တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ညီညွတ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၊ သာယာဝတီ၊ ချင်းပြည်နယ်တို့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့ပြီးနောက် ကရင်ပြည်နယ်၊ ဘားအံတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လှိုင်းဘွဲ့ မြို့နယ်၊ ကပ္ပလီ ကျေးရွာတွင်လည်း လူထုတွေ့ဆုံပွဲကို ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly Myanmar