သမိုင်းဝင် ကပ်ရောဂါများ (၆)

ပို့စ်တင်ချိန် - 1/19/2014 07:00:00 AM


ဒီကပ်ရောဂါတွေရဲ့ သမိုင်းတွေ့ရှိချက်တွေကို ဆန်းစစ်ဝေဖန်ကြည့်ရင် ကောက်ချက်ချလို့ရတဲ့ အဖိုးတန် အချက်အလက်တွေ ရှိပါတယ်။ ပထမ အဆင့်အနေနဲ့ ခြုံငုံပြီး ပြောရမယ်ဆိုရင် -

၁။ လူနဲ့ ကပ်ရောဂါဟာ သူစိမ်းတွေ မဟုတ်ကြဘူး။ ကပ်ရောဂါ တစ်ခုခုဟာ တစ်ချီတစ်ချီပေါ်လာပြီး လူတွေကို ဒုက္ခပေးကြတာကို သမိုင်းရှေ့ခေတ်ကတည်းက တွေ့ခဲ့ရတယ်။ လူတွေဟာ ဒီလောကမှာနေတာဟာ ထီးထီးတော့ မဟုတ်ဘူး။ ပတ်ဝန်းကျင်ထဲမှာ နေကြရတာ။ အဲဒီပတ်ဝတ်ကျင်ထဲမှာ လူအပြင် အခြား အခြားသော သက်ရှိ၊ သက်မဲ့ သတ္တဝါ / အရာတွေဟာလည်း ရှိနေကြတယ်။ ဒါတွေအားလုံးဟာ အချင်းချင်းရော၊ တစ်ဦးစီနဲ့ရော၊ ပတ်ဝန်းကျင်နဲ့ရော အမြဲပဲ အပေးအယူ လုပ်နေကြရတယ်။ အပြန်အလှန် တုံ့ပြန်မှုတွေ ရှိနေကြတယ်။ ဒီတော့ ရုန်းကန်လှုပ်ရှားမှုဟာ အမြဲပဲ ရှိနေတယ်။ လူကိုဖြစ်ဖြစ်၊ ရောဂါကိုဖြစ်ဖြစ် တစ်ခုတည်း အပြတ်ထားပြီး စဉ်းစားလို့တော့ မရဘူး။

၂။ ဘယ်အရာမဆို အမှန်တရားဟာ ပဓာနပဲ။ အမှန်တရားကို ဗဟိုပြုပြီး ရှာခဲ့တဲ့ အဖြေမှသာလျှင် အဖြေမှန် ဖြစ်တယ်။ ရောဂါရဲ့ ဇစ်မြစ်အမှန်ကို သိမှ ရောဂါတိုက်ဖျက်ဖို့ နည်းဗျုဟာတွေ ဖော်ထုတ်နိုင် တယ်။ ရောဂါရှင်သန် ပွားများနေမှုရဲ့ အကြောင်းရင်းမှန်ကို သဘောပေါက် နားလည်မှသာလျှင် ရောဂါကို မပွားအောင် လုပ်နိုင်မယ်။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် အမှန်ကို ဖုံးကွယ်ထားရင် မှားတာချည်းပဲ။ အမှားနဲ့ စလိုက်ရင် ဆက်ပြီး မှားတာတွေ ဖြစ်မှာပဲ၊ အမှန်ဘဝကို မရောက်ဘူး။ အမှန်ဘဝကို မရောက်ရင် ပြဿနာ ပြေလည်လာမှာ မဟုတ်ဘူး။

၃။ ကြပ်တည်းကျဉ်းမြောင်းစွာ တွေးခေါ်ယူဆချက်တို့မှ ပေါက်ဖွားလာတဲ့ အဖြေတွေဟာ အောင်မြင်မှုကို မပေးနိုင်ဘူး။ ဒီလို တွေးခေါ်မှုတွေရဲ့ လှုံ့ဆော်ချက်ကြောင့် ပေါ်ထွက်လာတဲ့ အရေးယူမှုနဲ့ အခြား လုပ်ဆောင်ချက်များဟာ ဘယ်တော့ကမှ အောင်မြင်မှုကို မပေးခဲ့ဘူး။ အထူးသဖြင့် အမိန့်အာဏာ တစ်ခုတည်းကိုသာ အားကိုးပြီး မလုပ်မနေရဆိုတဲ့ တစ်ချက်လွှတ် အမိန့်များ၊ အဓမ္မဆောင်ရွက်ချက် များဟာ နောက်ဆုံးမှာ မအောင်မြင်တဲ့အပြင် အကျိုးယုတ်စေတာကို တွေ့ရတယ်။

၎။ ကပ်ရောဂါတိုက်ရာမှာ သိပ္ပံပညာ / ဆေးပညာကို လုံးလုံးပုံ အားကိုးပြီး လုပ်လို့ မရဘူး။ ဥပမာ ရောဂါပျောက်အောင် ကုသရေးနဲ့ ကာကွယ်ရေးအတွက် သိပ္ပံအပိုင်းကနေပြီး ပြည့်စုံစွာ (သို့) ကျေနပ် ဖွယ်ကောင်းလောက်အောင် ဖန်တီးတီထွင် ပေးနိုင်ပေမယ့်လည်း ရောဂါကို အပြီးအပြတ် ရှင်းလို့ မရခဲ့ပါဘူး။ (ဆစ်ဖလစ်ကိုသာ ကြည့်ပါ) လူတွေရဲ့ အပြုအမှု၊ လူနေမှု၊ ဆက်ဆံရေး၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ စတဲ့ လူမှုရေး ကဏ္ဍနဲ့ နိုင်ငံရေး ကဏ္ဍတို့ဟာ အရေးကြီးတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။

နောက်ဆက်ပြီး အသေးစိတ်ကျကျ ကြည့်ပြန်ရင် တွေ့ရတာကတော့ ကပ်ရောဂါတစ်ခု ဖြစ်ပြီးဆိုရင် ဒီရောဂါနဲ့ ခေတ်ပြိုင်ကာလမှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ ရောဂါပြန့်ပွားမှု၊ ရှင်သန်နေမှုနဲ့ ထိန်းချုပ်မှုမှာ အရေးကြီးတဲ့ အထောက်အကူပြုမှုတွေကို ပေးနိုင်တယ်။ ဥပမာ - စစ်ဖြစ်နေခြင်း၊ လူတွေ တစ်နေရာတည်းမှာ မနေကြတော့ပဲ ကူးလူးဆက်ဆံ သွားလာရေး မြန်ဆန်ပြီး လွယ်နေခြင်း၊ အလားတူပဲ လူနေမှု ကိစ္စရပ်အမျိုးမျိုးနဲ့ ပတ်သက်ပြီး သက်ဝင်ယုံကြည်မှုနဲ့ အယူဝါဒတို့ဟာလည်း ရောဂါရဲ့ ပြန့်ပွားရေး၊ ရှင်သန်ရေး၊ ဆုတ်ယုတ်ရေး စတဲ့ လမ်းစဉ်များကို တစ်မျိုးတစ်ဖုံ ပြောင်းလဲနိုင်တယ်။ အခုထိ သိပြီး ကပ်ရောဂါတွေ အားလုံးဟာ အပြုတ်တိုက်ရှင်းဖို့ရာမှာ နှစ်ပေါင်းများစွာ ကြာတာချည်းပဲ။

လွယ်လွယ်မြန်မြန် ရှင်းလို့ရတဲ့ ပြဿနာတွေ မဟုတ်ကြဘူး။ ကျောက်ကြီးရောဂါဟာ နှစ်ပေါင်း ၅၀၀၀ အထိ လူတွေကြားထဲမှာ နေခဲ့တယ်။ ပလိပ်ရောဂါဟာလည်း အခုထိ ရှိတုန်းပဲ။ ဆစ်ဖလစ်နဲ့ ကာလဝမ်းဟာလည်း ဒီလိုပဲ ရှိနေတုန်းပဲ။ နောက်တစ်ခု ထင်ရှားစွာ သိရတာကတော့ ကပ်ရောဂါတိုက်ဖျက်ရာမှာ ပညာပေးမှုဟာ အရေးကြီးပြီး ထိရောက်တဲ့ လက်နက်တစ်ခု ဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ ဒါပေမယ့် ဒီလက်နက် တစ်ခုတည်းနဲ့တော့ အဆံးစွန်သော အောင်မြင်မှုကို မရနိုင်ခဲ့ကြဘူး။ အခြားလက်နက်ပေါင်းစုံ၊ နည်းပေါင်းစုံတို့ကို သင့်တော်တဲ့ အပိုင်းကဏ္ဍမှာ သင့်တော်သလို အကွက်စေ့အောင် သုံးကြမှ ဖြစ်မယ်။

ဒီရောဂါတွေ အားလုံးမှာ ပြန့်ပွားမှုကို ဟန့်တားစေနိုင်တဲ့ လေးနက်တဲ့ အချက်တစ်ခုကတော့ လူတွေရဲ့ အပြုအမှုကို ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်တယ်။ သမိုင်းကပြတဲ့ သက်သေတွေထဲမှာ တွေ့ရတာကတော့ လူတွေဟာ ကပ်ရောဂါနဲ့ ရင်ဆိုင်ရရင် ကြောက်စိတ်က လွှမ်းမိုးသွားတယ်။ ဒီကြောက်စိတ်က အဓိကစတ် ဖြစ်လာတဲ့အခါကျတော့ တစ်ဘက်စွန်းကျတဲ့ အပြုအမှုတွေ ကြပ်တည်းလွန်းပြီး လက်တွေ့မကျတဲ့ ဥပဒေတွေ၊ ချုပ်ချယ်မှုတွေ၊ ဖြောင့်မှန်မှုကို ဖီလာပြုတဲ့ အယူဝါဒတွေ ပေါ်ထွက်လာပြီး ကျင့်သုံးကြတယ်။

တိုင်းပြည်နဲ့ လူသားအားလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ပေးရမယ့်အခါမှာ ခေါင်းအေးအေးထားပြီး သမာသမတ် မစဉ်းစားနိုင်ခဲ့လို့ မျက်ကန်းတောတိုး လုပ်ခဲ့ကြတယ်။ တည့်မတ်မှန်ကန်ပြီး အစွမ်းထက်တဲ့ ထိရောက်မှုမျိုးကို ပေးနိုင်တဲ့ စီမံချက်တွေကို မလုပ်ဆောင်နိုင် ကြဘူး။ ရေရှည်ကို မစဉ်းစားကြဘူး။ ရောဂါ ခံစားရသူတွေကလည်း အကြောက်ပိုပြီး ဖုံးကွယ်မှုကိုသာ အဓိကထားပြီး လုပ်ကိုင် သွားလာနေ ကြတာမို့ ရောဂါပွားမှုကို အားပေးခဲ့ကြတယ်။ ဒါကြောင့် ဖြစ်ရပ်မှန်ကို ရဲဝံ့စွာ ဖော်ထုတ်ပြီး ဓမ္မဓိဌာန်ကျတဲ့ ကိုင်တွယ်မှုမျိုးကို ရှာဖို့ လိုတယ်။ ဒါကတော့ ကပ်ရောဂါ သမိုင်းကို လေ့လာရာမှ ရတဲ့ အဖိုးတန်လှတဲ့ သင်ခန်းစာများပါ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
HIV Information for Myanmar