Toyota Harrier ၂၀၁၄ မော်ဒယ် သစ် ထုတ်ဖော်ပြသခဲ့

ပို့စ်တင်ချိန် - 1/19/2014 08:45:00 AM


ပြီးခဲ့တဲ့ နိုဝင်ဘာလ လယ်ကတည်းက ထုတ်ဖော်ပြသခဲ့တဲ့ တိုယိုတာရဲ့  ၂၀၁၄ ခုနှစ် မော်ဒယ် တိုယိုတာ Harrier ကား ဖြစ်ပါတယ်။

Lexus RX လို့လည်း အမည်ပေး ခေါ်ဆိုတဲ့ SUV ဖြစ်ပေမယ့် အရှေ့ က တံဆိပ်မှာ lexus မဟုတ်ပဲ Harrier ရဲ့  သိမ်းငှက်လိုလို ပုံသဏ္ဍာန်နဲ့ မြင်တွေ့ ရမှာပါ။ သူ့ကို ဈေးသက်သာ Lexus ဗားရှင်း SUV ကားလို့လည်း ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မော်ဒယ်ကို ၂၀၁၃ ခုနှစ် နှစ်ဆန်းက ကားပြပွဲ အချို့ မှာတောင် ဝင်ရောက်ပြသ ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ မြန်မာပြည်ဈေးကွက် ကိုလည်း ၂၀၀၇ အောက် Toyota Harrier ကားများ ရောက်ရှိ ပါတယ်။ ရောက်ရောက်ချင်း ပထမ ၃ လ ဝန်းကျင်လောက် မှာ ရေပန်း စားပြီး နောက်ပိုင်းတော့ ဆီအင်မတန်စားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အဝယ်ကြဲသွားတဲ့ ကား ဖြစ်ပါတယ်။ တစ်ပတ်ရစ် ကားလေလံ ဈေးကွက်မှာ သိန်း ၂၀၀ နဲ့ ၃၀၀ ကြား ရှိရင်ကို ရနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

သို့ပေမယ့် ယခု မော်ဒယ်သစ်က အရင်လို မဟုတ်တော့ ပါဘူး။ ဒီဇိုင်းအားဖြင့်လည်း ပြောင်းလဲ သလို အင်ဂျင် စွမ်းဆောင်ရည် လည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ရိုးရိုးနဲ့ ဟိုင်းဘရစ် ဆိုပြီးတော့ ခွဲခြားထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂ လီတာ ရှိပြီး Super CVT-I Gearbox ကို အသုံးပြုပါတယ်။ နောက်တစ်မျိုးက ၂.၅ လီတာ အရွယ် အင်ဂျင် လျှပ်စစ်မော်တာ ၂ လုံး ထပ်ပူးပြီး 270,139 Nm အသီးသီး ထုတ်လုပ် နိုင်စွမ်း ရှိပါတယ်။ နောက်ထပ် ဗားရှင်းက ၃.၆ လီတာ အရွယ်ရှိ အင်ဂျင်ကြီးကို အသုံးပြုပြီး ဟိုင်းဘရစ်တွဲဆက်ပါ ထပ် ထုတ် ထားပါတယ်။ ဒီတော့ အမျိုးအစား အနည်းဆုံး လေးမျိုး ထုတ်လုပ်ထားတဲ့ကား ဖြစ် ပါတယ်။

ဟိုင်းဘရစ်ဗားရှင်းမှာ အင်ဂျင်က မသေးပဲ ပိုတောင်ကြီးသွားတာက သူ့ရဲ့  ထူးခြားချက် ဖြစ်ပါတယ်။ ဆီစား သက်သာမှု အပိုင်းကတော့ သူဘယ်လို အာမခံထားလည်း မသိပါဘူး။ ၂ ဘီးမောင်း စနစ်၊ ၄ ဘီးမောင်း စနစ်ကား ဆိုပြီးတော့ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အမျိုးအစား ၈ မျိုး ဖြစ်သွား နိုင်ပါတယ်။ ပုံစံ အားဖြင့် အဓိက ပြောင်းလဲမှုက အရှေ့ က Shell ဖြစ်ပါတယ်။ တိုယိုတာရဲ့  ဇိမ်ခံကား သီးသန့်ထုတ် Lexus ရဲ့ အသွင်သဏ္ဍာန်ကို အများကြီး ထည့်ပေါင်းထားတာမို့ အမြင်အားဖြင့် တင့်တယ်မှု အပိုင်းက မေးစရာမလိုတဲ့ အချက် ဖြစ်ပါတယ်။ ခရမ်းနက်ရောင်၊ အဖြူရောင်၊ ပုလဲရောင်၊ အနီရောင် အစရှိသဖြင့် ထုတ်လုပ်ပြီး အခြားအရောင်များလည်း ရနိုင်ပါသေးတယ်။

၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဖြန့်ချိ ရောင်းချသွားမယ့်ကား ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:autoblog
အောင်ခမ်း ( Yoyarlay)