ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် နေအိမ်ဝင်းတွင် စစ်ဘေးသင့်ဒေသ ပညာရေး ထောက်ပံ့ရန် ရန်ပုံငွေ ဓာတ်ပုံပြပွဲ ပြုလုပ်

ပို့စ်တင်ချိန် - 1/19/2014 04:45:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ဘေးသင့် ဒေသများဖြစ်သော ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ကလေးသူငယ်များကို ပညာရေး ရန်ပုံငွေ ထောက်ပံ့ရန် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နဝဒေးလမ်း ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နေအိမ်ခြံဝင်း အတွင်းရှိ နဝဒေး ပန်းချီပြခန်းတွင် ရန်ပုံငွေ ဓာတ်ပုံပြပွဲ တစ်ခုကို ဇန်နဝါရီလ ၁၈ ရက်မှ ၃၀ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေး ဦးစီး ဆောင်ရွက်သည့် အလိုတော်ပြည့် ကျောင်းတိုက်မှ အရှင်ကုမာရက The Voice သို့ မိန့်ကြားသည်။

“အခု ဒီပွဲလုပ်ဖြစ်တာက နိုင်ငံတော် တည်ဆောက်ရေးမှာ အစိုးရတင် မကဘူး။ ပြည်သူတွေလည်း တစ်ဖက်တစ်လမ်းက ပါဝင်ဖို့ တာဝန်ရှိတယ် ဆိုတဲ့ဟာကို ပြောချင်တာပါ” ဟု အရှင်ကုမာရက ထပ်လောင်း မိန့်ကြားသည်။

ဓာတ်ပုံများမှာ ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့၊ စစ်တွေမြို့နှင့် ပုဂံမြို့၊ အင်းလေးမြို့တို့မှ ရှုခင်းများကို ရိုက်ကူးထားပြီး အရှင်ကုမာရနှင့် ဝန်ကြီးချုပ်၏ သားဖြစ်သူ ဦးဇော်နိုင်ဦး (နေလမင်း) တို့၏ လက်ရာများ ဖြစ်ကြောင်း အလိုတော်ပြည့် ကျောင်းတိုက်ထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ၄၀ သတ်မှတ်ထားသည့် ဓာတ်ပုံ ၂၀၀ ကျော်ကို ရောင်းချမည် ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကို စစ်ဘေးသင့် ဒေသများရှိ ကလေးငယ်များအတွက် ကျောင်း အဆောက်အအုံနှင့် စာရေးကိရိယာများကို အခမ်းအနားနှင့်တကွ ဖေဖော်ဝါရီလလယ်ပိုင်းတွင် လှူဒါန်းသွားမည် ဖြစ်ကြောင်း အရှင်ကုမာရက မိန့်ကြားသည်။

အလိုတော်ပြည့် ကျောင်းတိုက်က ဦးစီးကျင်းပသည့် ယခုဓာတ်ပုံပြပွဲမှာ ဒုတိယအကြိမ် ဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ကချင်၊ ရခိုင်၊ မိတ္ထီလာတို့မှ စစ်ဘေးသင့် ကလေးများရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။
The Voice Weekly Myanmar