ခွင့်ပြုချက် မတင်ဘဲ ဆောက်လုပ်မှုဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်ကို ဒဏ်ရိုက်

ပို့စ်တင်ချိန် - 1/19/2014 08:00:00 AM


ကလေး၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်း ဖွင့်လှစ်ခဲ့သော မြန်မာ့ရှေ့ဆောင်ဘဏ် အဆောက်အအုံကို မြို့နယ် စည်ပင်သာယာရေး ကော်မတီထံ ခွင့်ပြုချက် မတင်ဘဲ ဆောက်လုပ်ခဲ့မှုဖြင့် ဒဏ်ငွေကျပ် ၁၈ သိန်း ပေးဆောင်ရန် ဒဏ်ရိုက်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခမ်လျန်းခိုင်က ပြောကြားသည်။

“သူတို့ ဘဏ်အဆောက်အအုံ စဆောက်တာနဲ့ပြီးတာ ခြောက်လပဲ ကြာတယ်။ လာပြီး အကြောင်းကြားမှု မရှိခဲ့ဘူး။ ဒါကြောင့် လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ခေါ်ယူ တွေ့ဆုံပြီး ဒဏ်ရိုက်ခဲ့တာပါ။ ဒါအခွန်စည်းကြပ်ခမပါ သေးပါဘူး။ မြို့နယ်အတွင်းက အခြားစည်ပင် ဥပဒေနဲ့ မညီညွတ်တဲ့ အဆောက်အအုံတွေကိုလည်း အသိပေးထားပါတယ်” ဟုဆိုသည်။

သတ်မှတ်ဒဏ်ငွေ ၁၈ သိန်းကျပ်ကို ဧပြီလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၁၈ ရက်နေ့အထိ တစ်ရက်လျှင် ကျပ်တစ်သောင်းစီ ပေးဆောင်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့ကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ မိမိတို့အနေနှင့် ဘဏ်လုပ်ငန်း ပိုင်းဆိုင်ရာကိုသာ တာဝန်ယူရသည် ဖြစ်ပြီး တည်ဆောက်ရေး အပိုင်းထံသို့ ဆက်လက် အကြောင်းကြားထားကြောင်း၊ ရုံးချုပ်ကသာလျှင် တာဝန်ယူ ဖြေရှင်း ပေးနိုင်မည် ဖြစ်ကြောင်း ကလေးမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ် မန်နေဂျာ ဦးညွှန့်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း နှစ်ထပ်ထက်ပိုသော အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ပြီး မတောင်းခံပါက စည်ပင်ဥပဒေများအရ အရေးယူသွားမည် ဖြစ်ကြောင်း၊ လက်ရှိ ခွင့်ပြုချက် မယူဘဲ ဆောက်လုပ်နေသော အဆောက်အအုံ ၁၃ လုံးရှိကြောင်း ဦးခမ်လျန်းခိုင်က ရှင်းပြသည်။
The Voice Weekly Myanmar