သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံများအား ပထမအရစ် လျော်ကြေးငွေများ စတင်ပေးအပ်

ပို့စ်တင်ချိန် - 10/30/2013 12:50:00 PM




လျော်ကြေးလက်ခံရန် သဘောတူလိုက်သည့် သီလ၀ါ ဒေသခံအချို့အား တွေ့ရစဉ်
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံများအား မြိုင်သာယာကွက်သစ်သို့ ပြောင်းရွှေ့နေရာ ချထားပေးမည်ဖြစ်ကြောင်း၊ ပြောင်းရွှေ့ရမည့် ဒေသခံများအား ပထမအရစ် လျော်ကြေးငွေများကို အောက်တိုဘာ ၂၉ ရက်တွင် စတင်ပေးအပ်လိုက်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

"သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာက ဒေသခံတွေကို ပထမအရစ် လျော်ကြေးငွေ ကျပ် ၁၃ သိန်းနဲ့ ပြောင်းရွေ့ကြေး ကျပ်တစ်သိန်းခွဲကို အောက်တိုဘာ ၂၉ ရက်က ပေးအပ်လိုက်ပါတယ်။ ဒုတိယအရစ် အနေနဲ့ ကျပ်ခုနစ်သိန်းနဲ့ တတိယအရစ် အနေနဲ့ ကျပ်ငါးသိန်းကိုလည်း ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အပိုထပ်ဆောင်း ကြေးတွေကိုလည်း ပေးလိုက်ပါပြီ" ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သူများကို မြိုင်သာယာ ကွက်သစ်သို့ ပြောင်းရွှေ့နေရာ ချထားပေးမည်ဖြစ်ရာ တစ်အိမ်ထောင်လျှင် ၂၅ x ၅၀ ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ၁၂ x ၁၆ ပေရှိ အိမ်များဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

"သီလ၀ါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်း ဧရိယာမှာ ပါဝင်တဲ့သူတွေဟာ နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားပြီး ပြောင်းပေးရမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ပေးရမယ့် သူတွေကို မြိုင်သာယာကွက်သစ်မှာ နေရာချထားပေးမှာ ဖြစ်တဲ့အတွက် အောက်တိုဘာ ၂၂ ရက်က သူတို့ရမယ့် မြေကွက်တွေကို မဲနှိုက်ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ အိမ်ထောင်စု ၆၈ စုမှာ တစ်ဦးကတော့ ဒီပွဲကို မလာပါဘူး။ ကျန်တဲ့တစ်ဦးကတော့ မဲမနှိုက်တဲ့အတွက် စုစုပေါင်း ၆၆ ဦးကိုပဲ မဲနှိုက်ရွေးချယ် ပေးခဲ့ပါတယ်" ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပပြုလုပ်သည့် မဲနှိုက်ရွေးချယ်ပွဲတွင် ပြောကြားသည်။

ယင်းကဲ့သို့ မဲနှိုက်ရွေးချယ် ပေးရာ၌ ဒေသခံများ ရရှိသည့် မြေကွက်များပေါ်တွင် နေအိမ်များကို ကိုယ်တိုင်ဆောက်လုပ် လိုပါက ဆောက်နိုင်ကြောင်း၊ မဟုတ်ပါက ကော်မတီ အနေဖြင့် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း၊ မဲနှိုက်ရွေးချယ်ပွဲတွင် ရရှိသည့် သတင်းများအရ ကိုယ်တိုင်ဆောက်လုပ်လိုသူ ၄၉ ဦးနှင့် ကော်မတီ အနေဖြင့် ဆောက်လုပ်လိုသူ ၁၇ ဦးရှိကြောင်း သိရသည်။

Eleven Media Group