လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

ပို့စ်တင်ချိန် - 10/30/2013 03:04:00 PM

ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်

လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။
နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။
အသိပေး ကြေညာရာတွင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်ကာ ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်သည်ဟူသော အကြောင်းပြချက်၊ ဖြေရှင်းချက် တစ်ရပ်ကိုသာ ဖော်ပြထားသည်။
ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ်ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
တိုးမြှင့်လိုက်သည့် နှုန်းထားသစ်များဖြင့် လာမည့်နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။ မိသားစုတစ်စု၏ လျှပ်စစ်ဓာတ်အား အသုံးပြုသည့် ပမာဏမှာ တစ်လလျှင် မည်မျှပင် ချွေတာသုံးစွဲသည်ဖြစ်စေ အများစုမှာ ၁၀၀ ယူနစ်အထက် သုံးစွဲကြရသည့်အတွက် ပြည်သူအများစုမှာ တစ်ယူနစ် ကျပ် ၅၀ ဖြင့် ပေးဆောင်ကြရမည်သာ ဖြစ်သည်။
အများပြည်သူသုံး မီတာခမှာ ယခင်ကထက် ရာခိုင်နှုန်း ၄၀ မြင့်တက်လာပြီး စီးပွားရေးလုပ်ငန်း အသုံးပြုသည့် မီတာခမှာ နှစ်ဆအထိ တက်လာခြင်းဖြစ်သည်။
ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ . . . . .
ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က ရုတ်ချည်းမီတာခများ တိုးမြှင့်မှုအပေါ် "ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့ ရှင်းပြသင့်ပါတယ်" ဟု ထောက်ပြပြောကြား သွားခဲ့သည်။
"ကျွန်တော်တို့ ဆေးရုံက တစ်လကို ယူနစ်လေးသိန်းကနေ ခြောက်သိန်းကြား သုံးစွဲပါတယ်။ ကျန်းမာရေးဆိုတော့ ချွေတာလို့ ဘယ်ရမလဲဗျာ။ ယူနစ် ၅၀၀၀ အထိက ၁၀၀ ဆိုပေမယ့် တစ်ကယ်ကျတော့ လျှပ်စစ်ခက ၇၅ ကျပ်ကနေ ကျပ် ၁၅၀ နှစ်ဆတက်တဲ့ သဘောဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာ ၂၀ ရာခိုင်နှုန်းလောက်တက်တောင် ကြိုတင်အကြောင်းကြားကြတယ်။ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးဆန္ဒတွေ ပြကြဘာလုပ်ကြနဲ့ ဒီမှာတော့ ရုတ်တရက်ကြီး နှစ်ဆတက်လိုက်တာ ဆိုတော့ဗျာ တော်တော်ခက်ပါတယ်" ဟု အာရှတော်ဝင် ဆေးရုံမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောကြားခဲ့သည်။
ဓာတ်အားနှုန်းများကို အဆင့်ဆင့် တိုးမြှင့်ကောက်ခံရာတွင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးသုံးအတွက် တစ်ယူနစ်လျှင် ကျပ် ၅၀ သို့ အသီးသီး တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်သို့ အသီးသီး ထပ်မံတိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်း တစ်နေရာအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
ယခင်က တိုးမြှင့်ရာတွင် တစ်ယူနစ် မည်မျှအရှုံးပေါ်သည့်အတွက် တိုးမြှင့်ရခြင်းကို တွက်ချက်ပြခြင်း၊ တစ်လနီးပါး ကြိုတင်အသိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ စတင်ကောက်ခံမည့်နေ့ မရောက်မီ နှစ်ရက်အလို၌သာ ကြိုတင်အသိပေးခြင်း၊ တိကျသည့် တွက်ချက်ပြမှု မရှိခြင်း၊ အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီကြီးများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းလွှဲပြောင်းပြီး မကြာမီ ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းရာတွင် လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများထံမှ နိုင်ငံတော် အနေဖြင့် ဓာတ်အားပြန်လည် ၀ယ်ယူရာတွင် လည်းကောင်း မည်သည့်ဈေးဖြင့်ပေးကာ ၀ယ်ယူရသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှု မရှိခဲ့ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ ပိုမိုအကျိုးရှိစေခြင်း၊ အများပြည်သူ၏ ၀င်ငွေတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိမီ ပြည်သူလူထု၏ လူနေမှုစရိတ် မြင့်တက်အောင် ဆောင်ရွက်လိုက်ခြင်း များကြောင့်လည်း လူအများမှ ဝေဖန်ထောက်ပြလာခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင် ကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အား လုပ်ကိုင်ခွင့် ပေးခဲ့သည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါး လုပ်ငန်းဖြင့် အကျိုးအမြတ် ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက် လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်တည်းမှ ရယူထားခဲ့ ကြသည်။
အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက ကုမ္ပဏီ တစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူး ခွင့်ရရှိပြီး မြို့နယ်အများဆုံးကို လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီဖြစ်သည်။
ထို့ပြင် ပြည်တွင်းပြည်ပ ကုမ္ပဏီများသို့ BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခွင့် ပြုခဲ့ပြီး BKB ကုမ္ပဏီ၊ Toyo-Thai ကုမ္ပဏီ၊ UPP Holding၊ မြန်မာဗဟိုစွမ်းအား၊ Myanmar Power Pte.,Ltd တို့ အပါအ၀င် ကုမ္ပဏီများစွာကို လုပ်ကိုင်ခွင့်ပြုခြင်း၊ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေခြင်းများ ရှိသည်ဟု သိရသည်။
ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့
ရှင်းပြသင့်ပါတယ် . . . . .
ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုခြင်းထက် အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများထံမှ လျှပ်စစ်ပြန်ဝယ်ရမည့်ဈေးအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိပဲ စာချုပ်ချုပ်ဆိုခွင့် ပြုခဲ့ခြင်းများသည် အဓိက ဝေဖန်စရာအဖြစ် ရှိခဲ့သည်။
အေးရှားဝေါလ် ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ) မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြန်လည်ဝယ်ရာတွင် တစ်ယူနစ်လျှင် ၇၀ ကျပ်အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန် အတွက်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘောတူ စာချုပ်ခဲ့ခြင်းဖြစ်သည်။
၁၂၀ မဂ္ဂါဝပ် စက်တပ်ဆင်အားရှိသည့် အလုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်လုပ်ကိုင်ရန် Toyo-Thai ကုမ္ပဏီအား ခွင့်ပြုစဉ်က တစ်ယူနစ် ဓာတ်အားခ ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာဖြင့် ၁၃ ဒသမ ၃၁ ဆင့် မြန်မာကျပ်ငွေဖြင့် (လက်ရှိ တစ်ဒေါ်လာ ၉၇၅ ကျပ်ဖြင့် ဆိုပါက) တစ်ယူနစ် ၁၃၀ ကျပ်နီးပါးဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
BKB ကုမ္ပဏီမှာလည်း ထိုသို့ပင် တစ်ယူနစ် ၁၃၀ ကျပ်နီးပါး ကျသင့်ပြီး ယခုသဘောတူ စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့် Myanmar Power ဖြင့် ဆိုပါက ဓာတ်အားခမှာ တစ်ယူနစ် ၁၂၀ ကျပ်အထိ ပေးရဖွယ် ရှိနေပြီး UPP Holding ဖြင့် ဆိုပါက တစ်ယူနစ်လျှင် ဓာတ်အားခဈေးမှာ ၁၅၂ ကျပ်ကျော်အထိ (တစ်ဒေါ်လာ ၉၇၅ ကျပ်နှုန်းဖြင့်) ကျသင့်မည်ဖြစ်သည်။
အရှုံးခံ၍ မည်သည့်ပုဂ္ဂလိက ကုမ္ပဏီမှ စေတနာသက်သက် လုပ်ပေးမည် မဟုတ်ပဲ ဖော်ပြပါ ဈေးနှုန်းများသည် ၎င်းတို့ အမြတ်အစွန်းအတွက် ထည့်တွက်ပြီး ဈေးနှုန်းများဖြစ်ရာ နောက်ဆုံးတွင် ပုဂ္ဂလိက ကုမ္ပဏီများသာ အကျိုးအမြတ်ရှိမည့် အနေအထား ဖြစ်နေကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ အများစုနှင့် စာချုပ်ချုပ်ဆို လွှဲပြောင်းပြီးမှ ယခုကဲ့သို့ အများပြည်သူထံမှ ဓာတ်အားခ တိုးကောက်ရန် စီစဉ်ခြင်းမှာလည်း ၀န်ကြီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများ လိုချင်သည့် ဈေးအတိုင်း ပေးချေနိုင်ရန် တိုးကောက်သည့်သဘော ဖြစ်နေသည်။
ပုဂ္ဂလိက ကုမ္ပဏီများ ရှုံးမရှုံး တွက်ချက်ကြည့်ပါက ဥပမာအားဖြင့် အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) လုပ်ကိုင်ခွင့် ရထားသည့် သောက်ရေခပ် စီမံကိန်းမှ ကုမ္ပဏီက အစိုးရသို့ ပြန်ရောင်းရာတွင် ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွက်ပင် ကုမ္ပဏီမှ ကျပ်ဘီလျံ ၃၀ အထိ ရမည်ဖြစ်ပြီး ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၂၃၀ ဘီလျံသာ ရှိကြောင်း၊ နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားသည့်အတွက် ၁၀ နှစ် မပြည့်မီ အချိန်၌ပင် အမြတ်အစွန်း ပမာဏ ကြီးမားစွာ စတင်ရရှိနိုင်သည့် အခြေအနေ ရှိသည်။
အများပြည်သူ ဘဏ္ဍာငွေအား ခွဲဝေသုံးစွဲမှုပိုင်းကို ပြန်ကြည့်လျှင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တည်ဆောက်ခဲ့သည့် စီမံကိန်းပေါင်း များစွာထဲမှ ရဲနွယ်၊ ဆည်တော်ကြီး၊ ရဲရွာ၊ ရွှေကျင် အပါအ၀င် စီမံကိန်း ၁၄ ခုထဲ အတွက်ပင် ကျပ်သန်းပေါင်း ၄၂၇၈၇၂ ကျော်နှင့် အမေရိကန်ဒေါ်လာ ၈၂၂ သန်းကျော်အထိ အသုံးပြု တည်ဆောက်ခဲ့ကြသည်အထိ ဘဏ္ဍာငွေ အမြောက်အများကို သုံးစွဲခဲ့သည့် ၀န်ကြီးဌာန ဖြစ်သည်။
အများပြည်သူ ဘဏ္ဍာငွေများစွာ အသုံးပြုကာ စီမံကိန်းများစွာကို အကောင်အထည် ဖော်ခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး ရရှိမှု တည်ငြိမ်သင့်သလောက် တည်ငြိမ်မှု မရှိပဲ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ထို့ထက်ပို၍ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုပေးထားသည့် ဘတ်ဂျက်မလောက်၍ အပိုဆောင်း ထပ်တောင်းခံသည့် ၀န်ကြီးဌာန များထဲတွင် ကျပ် ၂၀၄ ဒသမ ၅၅၀ ဘီလျံဖြင့် ဒုတိယ အများဆုံး ထပ်မံတောင်းခံသည့် ၀န်ကြီးဌာနတစ်ခု ဖြစ်နေပြန်သည်။
အများပြည်သူ ၀င်ငွေနှင့် ပြည်သူများ၏ စီးပွားရေး လုပ်ငန်းများကို ပြန်ကြည့်လျှင် ယခင်အတိုင်းပင် ရုန်းကန်နေရဆဲ အခြေအနေ၌ပင် ရှိနေပြီး ပြည်သူအများစု၏ ၀င်ငွေမှာလည်း သိသာစွာ တိုးတက်လာခြင်း မရှိသည့် အနေအထားဖြစ်သည်။

ရန်ကုန်မြို့တွင်း လမ်းဘေးတစ်နေရာတွင် တောင်းရမ်းနေသည့် အဘွားအို တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရွှေယမုံ ကုမ္ပဏီ၏ လုပ်ငန်းရှင် ဦးထွန်းအေးကလည်း "နိုင်ငံတကာမှာ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲတွေ့ရင် တိုင်းပြည်စီးပွားရေးလဲ အခက်အခဲ တွေ့တာပဲ။ အခုလို တိုးလိုက်တဲ့အတွက် မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့ အထူးသဖြင့် ကျွန်တော်တို့လို အအေးခန်းစက်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်ရတာ ပိုခက်သွားမယ်။ ဒီမှာလျှပ်စစ်ဓာတ်အားခ တိုးလိုက်လို့ ပြည်ပဈေးကွက်မှာ သွားပြီးဈေးတိုးတောင်းလို့ မရဘူး။ ဒီတော့ ခေတ်ကာလ ကုန်ကျစရိတ်နဲ့ လျော်ညီအောင် အလုပ်သမားတွေကို လခတိုးပေးဖို့ထက် အခုမီတာခ အတွက်ကိုပဲ အာရုံပိုစိုက်ရမယ့်သဘော ဖြစ်နေတယ်။ ကျွန်တော့် စက်ရုံက တစ်လကို ယူနစ် ၂၇၀၀၀၀ လောက် အသုံးပြုတယ်။ ကျပ်သိန်းရာနဲ့ချီပြီး ပိုကုန်ကျတော့မယ်။ ပြင်ဆင်ချိန်ရအောင် ကြိုတင်လည်း အသိပေးသင့် ပါတယ်။ လက်ရှိစီးပွားရေး လုပ်ငန်းတွေကလည်း အရင်ကထက် ပိုကောင်းနေတာ မဟုတ်ဘူး။ တစ်ကယ်လို့ တိုးမယ်ဆိုရင်တောင် ဘယ်ကာလမှာ ဘယ်လောက်တိုးမယ်၊ နောက်ဘယ်လောက်ကြာရင် ဘယ်လောက်တိုးမယ် ဆိုတာကို ကြိုတင်အသိပေး သင့်တယ်။ မြန်မာနိုင်ငံက ရေထွက်ပစ္စည်းပို့တာ ဒေါ်လာသန်း ၆၀၀ ဖိုးလောက်ပဲ ရှိတယ်။ ထိုင်းက ဘီလျံပေါင်းများစွာ ရှိတယ်။ ဗီယက်နမ်လည်း မြန်မာထက် များတာပဲ။ အဲဒီ အနေအထားမှာ ထိုင်းက မီတာခနဲ့တွက်ပြီး တိုးတောင်းတာမျိုး ဆိုရင်တော့ မဖြစ်သင့်ဘူး" ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ ဦးဝင်းကြိုင်က "ဓာတ်အားခ တိုးလိုက်တဲ့အတွက် အများပြည်သူရော လုပ်ငန်းရှင်ရော နှစ်ဖက်စလုံး ဒီဒဏ်ကို ခံစားရမှာ မလွဲမသွေပဲ။ မီတာခတက်ရင် ကုန်ထုတ်စရိတ်တက်ရင် ပို့ကုန်လုပ်ငန်းရှင်က ပြည်ပဈေးကွက်မှာ တစ်ခြားနိုင်ငံနဲ့ မယှဉ်နိုင်တဲ့အတွက် ဈေးကွက်ရှာဖွေရာမှာ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေပဲ နောက်ကျကျန်ခဲ့မယ်။ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေက လက်ရှိပို့ကုန်တွေအတွက် ပြည်ပက လုပ်ငန်းရှင်ဆီမှာ ဈေးတိုးတောင်းလို့ ဘယ်လိုမှ ရစရာ မရှိဘူး။ ပို့ကုန်လုပ်ငန်းရှင်ကတော့ အရှုံးမခံဘူး။ သူအဆင်ပြေအောင် ပြည်ပမှာ ဈေးတိုးတောင်းလို့ မရရင် ပြည်တွင်းက ကုန်ကြမ်းထုတ်တဲ့ သူတွေဆီမှာ ဈေးလျှော့ဝယ်မှာပဲ။ ဒါဆို ကုန်ကြမ်းထုတ်ရောင်းတဲ့ အများပြည်သူပဲ ထပ်ပြီးထိမယ်။ လျှပ်စစ်မီး အချိန်မှန် ရမယ်လို့ အာမခံနိုင်တဲ့အချိန် သင့်တင့်တဲ့ဈေးကိုတိုးတာ အကြောင်းမဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းတွေကလည်း ကောင်းလားမေးရင် အရင်အတိုင်းပဲ အများပြည်သူရဲ့ နေ့စဉ်ဝင်ငွေကလည်း တိုးလာတာ မဟုတ်ဘူး။ ဓာတ်အားခ တိုးမယ်ဆိုရင်လည်း ပြင်ဆင်ချိန်ရအောင် အချိန်လုံလောက်စွာနဲ့ အသိပေးသင့်တယ်။ အများပြည်သူက မဲပေးရွေးချယ်ထားတဲ့ အစိုးရ ဖြစ်တယ်လို့ ဆိုတဲ့အတွက် အများပြည်သူကို သေချာချပြပြီးမှ လုပ်သင့်တယ်လို့ ထင်တယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
အခြေခံ လုပ်သားများ ရရှိသည့် ၀င်ငွေနှင့် လူနေမှုစရိတ် ကာမိစေရန် လစာတိုးပေးရေးအတွက် ဆန္ဒပြမှုများ ရှိနေပြီး အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများမှာလည်း သိသာသည့် အထောက်အပံ့များ မရဘဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေရဆဲ ဖြစ်သည်။
အိမ်ငှားခမှအစ စားစရိတ်အဆုံး နေမှုစားမှု စရိတ်များ မြင့်တက်နေ၍ အများပြည်သူမှာ ၀င်ငွေဖြင့် ကိုက်ညီစွာ နေနိုင်ရန် ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ လူနေမှုစရိတ် ပိုမိုမြင့်တက် ကုန်ကျစေမည့် ဓာတ်အားခ တိုးမြှင့်ခြင်းမျိုးကို ပြုလုပ်သည့် အတွက်လည်း ပြင်းပြင်းထန်ထန် ဝေဖန်လာကြခြင်း ဖြစ်သည်။
"ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ အတော်ကြီး မညှာမတာ လုပ်ရာကျပါတယ်။ ဒီ Impact က အရမ်းကြီးတယ်။ ၂၀၀၇ ခုနှစ်က စက်သုံးဆီဈေး တက်သလို ဖြစ်လာလိမ့်မယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားချက်များ

"အခုက အိမ်ငှားခတွေကကြီး၊ အခြား အသုံးစရိတ်တွေပါ လိုက်တက်ရင် ပြည်သူ့ဘ၀က မချောင်လည်ဘူး။ အခုက ပြောင်းလဲတယ်လို့ပြောတာ ဒုံရင်းက ဒုံရင်းပဲ။ ဘာမှလည်း ဟုတ်တိပတ်တိ ဖြစ်မလာဘူး။ စားဝတ်နေရေးပိုင်း၊ ၀င်ငွေပိုင်း၊ တိုးတက်မှု မရှိတဲ့အပြင် ပိုကျပ်လာသလိုပဲ။ ဒီလိုပုံစံကြီးနဲ့ ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာ တွေးတိုင်း ရင်မောနေတယ်။ အပြင်က ရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း ဒီမိုကရေစီစစ်စစ် အစိုးရ မဟုတ်ရင် မလာဘူး။ ပေါ်လစီက အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လာချင်မလဲ။ လာပြီး ဖျာခင်းထားတာလောက်ပဲ ရှိတယ်။ အဲဒါ ပကတိ အခြေအနေပဲ။ ဒါကို ဖုံးကွယ် မထားပါနဲ့။ ကြီးကြီးကျယ်ကျယ် တိုင်းပြည်ပြောင်းလဲ ချင်တယ်ဆိုရင် အရင်လူတွေ စိတ်လျှော့လိုက်ပါတော့။ လွတ်လပ်ခွင့် ပေးပါတော့။ နှစ်ငါးဆယ်လုံး ခံစားနေရတဲ့ ပြည်သူတွေကို သနားသောအားဖြင့် ကြိုးဖြေပေးလိုက်ပါလို့ပဲ ပြောချင်ပါတယ်"
စာရေးဆရာကောင်းသန့်
   
"သတင်းစာထဲမှာ ပါလာတဲ့ မီတာခ တိုးကောက်တဲ့ သတင်းက စိတ်ညစ်စရာပါ။ ကျွန်မတို့နိုင်ငံက အိမ်နီးချင်း နိုင်ငံတွေကို လျှပ်စစ်ဓာတ်အားတွေ ထုတ်ရောင်းတာလည်း တစ်နိုင်ငံလုံး အသိပါ။ အခုလို နိုင်ငံခြားကို လျှပ်စစ်ထုတ်ရောင်းပြီး နိုင်ငံတွင်းမှာ မီတာခ တိုးကောက်တာက မဖြစ်သင့်ပါဘူး။ လျော့မကောက်ရင်တောင် မီတာခကို တိုးမကောက်သင့်ပါဘူး။ မီတာခသာ တိုးကောက်တယ် မီးက ရန်ကုန်တစ်မြို့လုံး ၂၄ နာရီ မီးအပြည့် မလာတဲ့ နေရာတွေ အများကြီး ရှိတယ်။ အခု ဆိုရန်ကုန်မှာ နေထိုင်စားသောက် စရိတ်က အဘက်ဘက် မြင့်တက်နေတယ်။ အဆောင်ခဆိုလည်း မနှစ်ကထက် နှစ်သောင်းလောက် တိုးလာတယ်။ အခုရတဲ့ လစာထဲက အိမ်ပြန်ပို့ရတဲ့ငွေ ပိုပြီးနည်းလာဖို့ပဲ ရှိတယ်"
မမာလာ (ကုမ္ပဏီဝန်ထမ်း)
"ကျွန်တော်တို့ ပြည်သူတွေကတော့ ဖောင်စီးရင်း ရေငတ်နေတာပါဗျာ။ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ မပေးနိုင်သေးဘဲ မီတာခကို ဈေးနှုန်းမြှင့်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အိမ်ဆို တစ်လ မီတာဆောင်ရတာ ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားမှာ ရှိတယ်။ အိမ်မှာက အ၀တ်လျှော်စက် သုံးတယ်။ အဲကွန်းသုံးတယ်။ ရေခဲသေတ္တာ သုံးတယ်။ ထမင်းချက်တယ်။ ခုလိုမျိုးတိုးတော့ အရင်ကလို သုံးလို့မဖြစ်တော့ဘူး။ ချွေတာရမှ ဖြစ်တော့မယ်။ တစ်လကို ဘယ်လိုသုံးသုံး ယူနစ်တစ်ရာတော့ အသာလေး ကျော်တယ်။ မကျော်ချင်ရင်တော့ မိန်းချထားမှပဲ ရမယ်"
ကိုမင်းမင်းဦး (မင်္ဂလာတောင်ညွှန့်)
   
"အိမ်ငှား စရိတ်တွေ တအားတက်လာတဲ့ အချိန်မှာ ငှားပြီးဖွင့်ရတဲ့ လုပ်ငန်းတွေက ဒုက္ခရောက်ပြီ။ အစ်မတို့က အခု ရုံးခန်းလေးတောင် တစ်လကို တစ်သိန်းကျော် မီတာဆောင်ရတယ်။ စက်ရုံ အလုပ်ရုံ အတွက်ဆိုရင်တော့ တစ်မျိုးပေါ့။ ဆိုင်းဘုတ်မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး လုပ်ငန်းသုံးလို့ ကောက်တာကတော့ ဘာစီးပွားရေးမှ လုပ်ကိုင်စားလို့ မရဘဲနဲ့ လူတွေအကုန်လုံး ၀န်ထမ်းပဲ လုပ်ကြ၊ ကိုယ်ပိုင်လုပ်ငန်း ထောင်မစားနဲ့လို့ ပြောတာနဲ့ တူနေသလိုပဲ။ လုပ်ငန်းသုံး မီတာကို စက်မှုဇုန်တွေမှာ ကောက်တာကို မပြောလိုပါဘူး။ ဆိုင်းဘုတ်ထောင်တာ မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး ကောက်တာကတော့ လွန်ပါတယ်။ လူတိုင်းကတော့ ဆိုင်းဘုတ်ကလေးတော့ တင်ချင်ကြတာပဲ။ အဲလိုလေး တင်မိတာနဲ့ကို စီးပွားရေးလုပ်ငန်းသုံးထဲ ပို့မယ်ဆိုတာကတော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဗေဒင်ဆရာတောင်မှ စီးပွားရေး လုပ်ငန်းသုံးဆိုပြီးကောက်ရင် ဘယ်လိုလုပ်တော့မလဲ။ ဆိုင်းဘုတ်ထောင်လိုက်တာနဲ့ ရုံးဖြစ်သွားလို့ လုပ်ငန်းသုံးနဲ့ ပေးရမယ် ဆိုတာကြီးက လုံးဝအဓိပ္ပါယ်မှ မရှိတာ။ ရုံးသေးသေးလေးတွေကအစ စီးပွားရေးမီတာ လိုက်ကောက်တာတော့ အဓိပ္ပာယ် မရှိပါဘူး"
မနွေ (တောင်ဥက္ကလာပမြို့နယ်)
"လျှပ်စစ်မီးဈေးနှုန်း သက်သက်သာသာနဲ့ မရရင် ဘယ်တော့မှ စက်ရုံအလုပ်ရုံတွေ ဖြစ်လာမှာ မဟုတ်ဘူး။ လျှပ်စစ်မီးကို ၂၅ ကျပ်နဲ့ ပေးတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ နေ့ရွှေ့ညရွှေ့နဲ့ ပျောက်သွားတာပါပဲ။ နောက်နှစ်ဆို ပေးမယ်ဆိုတဲ့ စကားတွေက ရိုးသွားပြီ။ နောက်နှစ်တွေများ ကုန်ပြီ။ တကယ်တော့ ပြည်သူတွေဟာ မျှော်လင့်ချက် ကြီးစွာနဲ့ အောင့်အီးသည်းခံပြီး တာဝန်ရှိသူတွေ လုပ်သမျှကို ခါးစည်းခံစား နေကြရတာ ဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်တိုးတက် စေချင်ရင် တကယ်လုပ်ဖို့ လိုတယ်။ အပြောနဲ့ မပြီးဘူး။ လက်တွေ့လုပ်ပြရမယ်။ လျှပ်စစ်မီးကိုသာ ကောင်းကောင်းလုပ် မပေးနိုင်ရင် ရခိုင်ပြည်နယ်ဟာ အခုထက် ဆင်းရဲတွင်း နက်နေဦးမယ်လို့ မြင်ပါတယ်"
ဦးသိန်းထွန်း (စီးပွားရေး လုပ်ငန်းရှင်၊ စစ်တွေ)
   
"တစ်လကုန်တိုင်း ကုန်ကျမယ့် အိမ်လခ စရိတ်တွေက များပြားရတဲ့အထဲ မီတာခက ထပ်ပြီးတော့ တိုးကောက်အုံးမယ်၊ မီတာခတွေက ထပ်ပြီးရင်း ထပ်ပြီးရင်း တက်နေတာတော့ ကုန်ကျစရိတ်တွေမှာ ပိုပြီးအကြပ်အတည်း တွေ့ပြီပေါ့၊ တစ်ခါတလေ ပိုပြီးကောက်တာမျိုးလည်း ရှိတယ်၊ တစ်ရာယူနစ်ကျော်ရင် ငါးဆယ်ဖြစ်ပြီ၊ မီတာခတွေ တိုးကောက်တာမျိုးကတော့ လွန်တာပေါ့။ ကျပ်တည်းနေတဲ့ မိသားစုတွေဆို ပိုဆိုးတာပေါ့"
ဒေါ်ပွင့်မော် (ဒေါပုံမြို့နယ်)
"အိမ်ခြံမြေဈေး၊ အိမ်လခတွေ၊ မီတာခတွေသာ တက်လာတယ်၊ ကျွန်တော်တို့ ၀န်ထမ်းလစာက တက်လာတာ မရှိဘူး။ ဒီကြားထဲ ဘာရီရ စရိတ်တွေပါ တက်လာတော့ ဘယ်လိုမှ ပိုလျှံလောက်ငဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု မီတာခက ယူနစ်တစ်ရာကျော်တာနဲ့ တစ်ယူနစ်ကို ကျပ် ၅၀ တောင် ပေးရတော့မှာ။ ယူနစ်တစ်ရာ ဆိုတာက အိမ်တစ်အိမ် အတွက်တော့ ဘယ်လိုပဲ လျှပ်စစ်မီး ခြွေခြွေတာတာသုံးသုံး ကျလောက်တဲ့ ယူနစ်အနေအထားပါ။ အရင်ထဲက မီတာခက သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ရှစ်ထောင်ကျော် ကိုးထောင်နီးပါးလောက် ကျတာ၊ ဒီလောက် ငွေက ပိုက်ဆံရှိတဲ့ လူချမ်းသာတွေအတွက် မပြောပလောက်တဲ့ငွေ ဖြစ်ပေမယ့် ကျွန်တော်တို့လို အခြေခံဝန်ထမ်း မိသားစုများအတွက်တော့ မဖြစ်နိုင်တဲ့ ငွေပမာဏပါ"
ဦးခင်ကြိုင် (သာကေတ)
"အခုပြောတာ စီးပွားရေး လုပ်ငန်းတွေကို ပိုတိုးကောက်တဲ့ သဘောပေါ့။ တိုးကောက်တော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် တက်လာမယ်။ တက်လာတော့ သူ့ပစ္စည်းလည်း ဈေးတက်လာမှာပေါ့။ ဒါလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူကို ထိမှာပဲလေ။ ဥပမာ အထည်ချုပ်စက်ရုံ ဆိုပါတော့ အထည်ချုပ် လုပ်သမလေးတွေရဲ့ ၀င်ငွေက တစ်လမှ ၇၀၀၀၀ ကျပ်လောက်ပဲ ရှိတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တက်ရင် ၀န်ထမ်းလစာ မတိုးနိုင်ဘူး။ ဒါလည်း ပြည်သူဆီက သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ယူသွားတာပါပဲ"        
အထည်ချုပ် လုပ်ငန်းရှင်တစ်ဦး
"စီးပွားရေးကလည်း အခက်အခဲတွေနဲ့ အကြပ်အတည်းတွေ ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် မီတာခတွေ တိုးမြှင့်လိုက်တော့ ငွေကုန်ကြေးကျ ပိုများလာတာပေါ့။ အိမ်မှာက သားသမီးတွေရဲ့ ၀န်ထမ်းလစာတွေကလည်း မလောက်ငဘူး။ သွားလာရတဲ့ ခရီးစရိတ်နဲ့တင် လစာကထက်ဝက် ကျိုးနေတာ အခုတော့ မီတာခကပါ ထပ်ပြီးတက်မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိတော့တာပေါ့။ ကုန်ကျမယ့် စရိတ်တွေကသာ ပိုပြီးများလာတယ်၊ ပိုပြီးလျော့သွားတယ် ဆိုတာမျိုးတော့ မရှိပါဘူး"
မသူဇာ (ကုမ္ပဏီဝန်ထမ်းတစ်ဦး)
"မီတာခ တိုးကောက်တာ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ ဘာမှမပြောလောက်ပါဘူး။ ဒါပေမဲ့ လူအများအတွက်ကို ကြည့်ပြီးတော့မှ မီတာခ တက်တာကို လုပ်ဆောင်သင့်ပါတယ်။ အခုက တိုက်ခန်းငှားတဲ့ ဈေးနှုန်းတွေတက်တဲ့ ဒုက္ခတွေကို ပြည်သူတွေ ခံစားနေရတဲ့အပြင် အခုမီတာခပါ တက်တယ်ဆိုတော့ တိုက်ခန်းငှားခတောင် တစ်လတစ်လ အနိုင်နိုင် စုနေရတဲ့သူတွေ အဖို့တော့ ရင်လေးစရာပါပဲ။ နောက်ပိုင်းကျရင် ရန်ကုန်ကိုတက်ပြီး တက်လမ်းရှာမယ့် အခြေခံ လူတန်းစား လူငယ်တွေအဖို့ မလာရဲလောက်အောင် ဖြစ်သွားပါမယ်"
ကိုညီနိုင်(ဗဟန်းမြို့နယ်)
"အစိုးရက အသေးစား စီးပွားရေး လုပ်ငန်းတွေ လုပ်သာကိုင်သာရှိဖို့ ထောက်ပံ့ရမယ့်အစား အခုလိုတွေ လုပ်တာက ရေနစ်သူ ၀ါးကူထိုးသလိုပဲ။ ကောင်းမွန်ပြီး မှန်ကန်တဲ့ မူဝါဒတွေ မချဘဲ ဆေးမြီးတိုနဲ့ ကုတာမျိုးကတော့ မကောင်းပါဘူး။ ထစ်ကနဲဆို ပြည်သူဆီက တိုးယူတာကြီးက ပြင်သင့်ပါပြီ။ အစိုးရက အရှုံးပေါ်လို့ ပုဂ္ဂလိကကိုလွှဲမှ ပိုဆိုးလာရင် ပြည်သူတွေပဲ ပိုကျပ်တည်းမှာပါ။ ရေမီးဆိုတာ တကယ့်အခြေခံ လိုအပ်ချက်တွေပါ"
ကိုမောင်မောင်မြင့် (ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူ)

Eleven Media Group