Dandruff (1) ဘောက် (၁)

ပို့စ်တင်ချိန် - 10/30/2013 09:13:00 AM




(၁) ဆရာ ‌ဘောက်ရှိတာကို‌ရော ဘယ်လို‌ပျောက်‌‌အောင်လုပ်လို့ရမလဲ‌ပြော‌ပေးပါဦး။
(၂) ဘောက်ပျောက်အောင် ဘယ်လုပ်ရမလဲ။ ကျွန်တော်တို့က (့) မှာ အလုပ်လုပ်နေကြတယ်။ မြန်မာ တော်တော်များများက ဆံပင်တွေ ကျွတ်ကြတယ်။ ဘောက်တွေထကြတယ်။ အဲဒါ ဘယ်လို ကာကွယ်ရမလဲ။ အကြံပေးပါအုံး။

အင်္ဂလိပ်လို Dandruff ကို မြန်မာလိုကလည်း “ဘောက်” လို့ တလုံးတည်း ခေါ်ပေမဲ့ ဆေးစာလိုကြ Pityriasis simplex capillitii ဆိုပြီး အရှည်ကြီး ခေါ်တယ်။ ဦးရေခွံက အရေပြားတွေ ခြောက်ပြီး၊ ကွာထွက်လာတာကို ပြောတာပါ။ အမှန်က အရေပြား (ဆဲလ်) တွေ “အသစ်ဖြစ်-ကြီးရင့်-သေကြတာ” ပုံမှန် အနိစ္စဖြစ်စဉ်တခုပါ။ အမြဲ အဲလိုကွာကျနေတာကို မျက်စိနဲ့ မမြင်ရလို့သာပါ။ ပုံမှန်ထက် ကဲပြီး အများကြီး၊ ဆက်ဆက်ပြီး၊ အဖတ်လိုက် ကွာကျလာမှ ဘောက်လို့ ခေါ်ကြတယ်။ ပုံမှန်ဆိုရင် ခေါင်းဦးရေက အရေပြားဟာ ၁ လလောက်နေမှ ကွာကျပေမဲ့ ဘောက်ရှိနေသူတွေမှာ ၂ ရက်ကနေ ၇ ရက် ဆိုတာနဲ့ ကွာကျတော့တာဘဲ။

ဖြစ်စေတဲ့ အကြောင်းခံ ၃ ခုရှိတယ်။ အရေပြားအဆီ၊ အရေပြားပေါ်က ပိုးမွှားတွေနဲ့ ဖြစ်တတ်သူမို့ဖြစ်တာ ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ အရင်က နားလည်ခဲ့တာက Malassezi globosa (ဖန်းဂတ်စ်) တမျိုးကြောင့်ပါ။ ဒီ (ဖန်းဂတ်စ်) ကနေ အရေပြားထဲရှိတဲ့ Triglycerides အဆီကို ပြောင်းလဲစေပြီး Oleic acid ဆိုတာ ထွက်လာစေတယ်။ ရာသီဥတု ပြင်းပြီး ချွေးထွက်များရင်လည်း ဖြစ်တတ်တယ်။ တချို့မှာ ခေါင်းလိမ်းတဲ့-သုံးတဲ့ gel or hairspray တမယ်မယ်ကြောင့် ဖြစ်ရတတ်တယ်။ ပူလွန်း၊ အေးလွန်းရင်လည်း ဖြစ်တတ်တယ်။ မေးတဲ့သူက UAE က မဟုတ်လား။

များသောအားဖြင့် ခေါင်းလျှော်ရည် ကောင်းတာကို နေ့တိုင်းသုံးတာနဲ့ သက်သာ-ပျောက်ပါတယ်။ ဘောက်အတွက် သပ်သပ်ထုတ်တဲ့ ခေါင်းလျှော်ရည်ထဲမှာ Salicylic acid နဲ့ Zinc pyrithione ၂ မျိုး ပါတယ်။ Selenium sulfide နဲ့ Ketoconazole တွေကလဲ (ဖန်းဂတ်စ်) ကို သေစေတယ်။ နောက်ဆုံးဆေး Ketoconazole ပါတာက ပိုထိရောက်တယ်လို့ ပြောနိုင်တယ်။

Selsun Blue 2.5% ဆိုတာ Selenium sulfide ပါတဲ့ ခေါင်းလျော်ရည်ပါ။ ဒီလိုကြောညာတယ်။
"Never wear black without the Blue - Selsun Blue" “ကေသာ အနက်မှာ (ဆဲလ်ဆန်-ဘလူး) မပါလို့ မရ” တဲ့။ ရိုးရိုး ရောင်းကုန် ကြောညာထက် နဲနဲထူးတယ်။

ဒါကို ဆရာဝန်ညွှန်သလို အတိအကျ သုံးပါတဲ့။ တပါတ် ၂ ခါနဲ့ ၂ ပါတ်သာ သုံးဘို့ လိုတယ် ဆိုပါတယ်။ ဒီထက် လျော့ချင် လျှော့ပါ ပိုတော့ မသုံးပါနဲ့တဲ့။ ဆေးရည် လက်ဖက်ရည် ၁-၂ ဇွန်းကို ရေစိုဆံပင်ထဲ လောင်းပြီး၊ ၃-၄ မိနစ်ကြာ နှိပ်ပြီးမှ ရေးဆေးရတယ်။ ဆေးကိုင်တဲ့ လက်ကို သေခြာ ပြန်ဆေးရမယ်။ ခေါင်းမှာ အနာအဆာ ရှိနေရင် မသုံးရသေးဘူး။

Tea-tree oil (Melaleuca alternifolia) လက်ဘက်ပင်အဆီပါတဲ့ ခေါင်းလျှော်ရည် ကလည်း လူတွေလက်ခံလာတဲ့ ဆေးနည်း တခုပါ။ ၾသစေတးလ် လက္ဘက္ပင္မ်ိဳးကေန ထုတ္တာပါ။

အိမ်သုံးဆေးနည်း တချို့ကိုလည်း ရေးပြပါရစေ။
• ရေ လက်ဖက်ရည်ဇွန်း ၆ ဇွန်းထဲမှာ (ဗနီဂါ) ရှာလကာရည် ၂ ဇွန်းထည့်ပါ။ ညမအိပ်ခင် ဂွမ်းနဲ့ ခေါင်းကို အနှံ့လိမ်းပါ။ ခေါင်းအုံး မပျက်အောက် မျက်နှာသုတ်ပုဝါ ပတ်ထားပါ။ မနက်ကြရင် ခေါင်းလျှော်ပါ။ ထပ်ပြီး (ဗနီဂါ) ရည် လိမ်းပါ။ တပါတ် တခါ ၃ လကြာ လုပ်ပါ။
• သံပရာရည် လက်ဘက်ရည်ဇွန်း ၁ ဇွန်း၊ (ဗနီဂါ) ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောလိမ်းပါ။
• ပဲနံ့သာစေ့ Fenugreek ကို (ရောဂတ်) ဒိန်ချဉ်ထဲထည့်ပြီး တညသိပ်ပါ။ ဆံပင်ကို လိမ်းပြီး နာရီဝက်နေမှ ခေါင်းလျှော်ပါ။ ဗမာတွေက ခေါင်းလိမ်းအုံးဆီထဲ ပဲနံ့သာစေ့ ထည့်တတ်ကြတယ်။ အနံ့ မကြိုက်သူတွေတော့ ရှိတယ်။ ဒိန်ချဉ်နဲ့ မဟုတ်ဘဲ တည ရေစိမ်ထားပြီး လိမ်းတာလည်း တနည်းဘဲ။
• ဒိန်ချဉ် သပ်သပ် လိမ်းတာကလည်း ဆံပင်ပါ အရောင်ကောင်းစေသတဲ့။
• ကြက်ဥ ၂ လုံးကို ဖေါက်၊ ရေလက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ရော လိမ်းနည်းလည်း သုံးတယ်။

“အသက်ကြီးတော့ တနည်းသာ” ဆိုတာထဲမှာ ဒါလဲပါတယ်။ ဘောက် သိပ်မဖြစ်တော့ဘူး။

Dr. တင့်ဆွေ