ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချိန်တစ်နာရီကျော် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 10/30/2013 11:37:00 AM



အောက်တိုဘာ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်စဉ်

အောက်တိုဘာ ၂၉ ရက် ညပိုင်းက တစ်နာရီကျော်ကြာ ဓာတ်အားပြတ်တောက်ခဲ့ရခြင်းမှာ ပြည်မြို့နှင့် မှော်ဘီမြို့နယ်ကြားရှိ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အား လိုင်းကြိုး အနည်းငယ် ပြတ်တောက်မှုကြောင့် ဖြစ်ပြီး နိုင်ငံတစ်ဝန်း တစ်နာရီခွဲကြာ မီးပြတ်မှု ဖြစ်ပွားခဲ့ရကြောင်း ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ်၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း မီးပြတ်မှုမှာ အောက်တိုဘာ ၂၉ ရက် ည ၆ နာရီမှ စတင်၍ဖြစ်ပွားခဲ့ပြီး ည ၇ နာရီခွဲတွင် မီးပြန်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ဓာတ်အားလိုင်း ပြတ်တောက်ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးသော်လည်း ဓာတ်အားလိုင်း ပြင်ဆင်သူများအနေဖြင့် အချိန်အနည်းအတွင်း ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

"တစ်နာရီခွဲကြာ နိုင်ငံတစ်ဝန်း မီးပြတ်တောက်မှု ဖြစ်ပွားရတာက ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းက ဖော့(စ်) ဖြစ် သွားလို့ပါ။ ဖြစ်တဲ့အကြောင်းအရင်းကို အသေးစိတ်တော့ မသိရသေးပါဘူး။ သစ်ပင်တစ်ခုက လဲကျပြီး ပိနေတာမျိုး၊ တစ်ခြား အကြောင်းကြောင်းကြောင့် ပြတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်" ဟု ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး မောင်မောင်လတ်က အောက်တိုဘာ ၂၉ ရက် ညပိုင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းမှာ နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးသည့် မဟာဓာတ်အားလိုင်း တစ်လိုင်း ဖြစ်ကြောင်း သိရသည်။

ယခုဓာတ်အားပြတ်တောက်မှု ဖြစ်ပွားချိန်မှာ ရန်ကုန်မြို့တွင် ၀န်ထမ်းအများစု ရုံးဆင်းအပြီး အိမ်ပြန်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သိရသည်။

"ရုံးဆင်းချိန်ဖြစ်သလို မိုးကလည်း ရွာထားတဲ့အတွက် အရင်ကမှ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်နေရတဲ့အထဲမှာ မီးပြတ်ပြီး မီးပွိုင့်တွေပါ ရပ်သွားတော့ ယာဉ်ကြောပိတ်သွားတာ တော်တော်ကြာပါတယ်။ နောက်ပြီး မီတာခတွေ တိုးပြီး ကောက်မယ်လို့ ရုတ်တရက် ကြေညာအပြီးနောက်မှာ ဖြစ်တဲ့အတွက် တမင်လုပ်တာလို့တောင် ထင်မိတယ်။ ဘာမှ စောဒကမတက်နိုင်တဲ့ ပြည်သူတွေကို လုပ်ချင်သလို လုပ်နေကြတယ်လို့ပဲ ခံစားရပါတယ်"ဟု ရန်ကုန်မြို့နေ ပုဂ္ဂလိက၀န်ထမ်း ကိုမောင်က ပြောကြားသည်။


Eleven Media Group