ပေးကားပေး၏ ရစေချင်သည်

ပို့စ်တင်ချိန် - 10/30/2013 09:33:00 AM



(ဆောင်းပါးရှင် - ရဲမြတ်နောင်)

ကျွန်တော်တို့ နိုင်ငံရဲ့ ရေမြေတောတောင် သဘာဝ အခြေအနေတွေက ထိန်းသိမ်းစောင့်ရှောက်ရေး အလျင်စလို ဆောင်ရွက်သင့်ပြီလို့ သတိပေး နှိုးဆော်နေသလို ခံစားရပါတယ်။ မုတ်သုံကလည်း အချိန်မှန် မိုးရွာပေးပါလျက်နှင့် မထိန်းနိုင်ကောင်းလားလို့ ဒေါသတကြီးနှင့် မြို့တွေရွာတွေမှာ ရေလျှံ၊ လမ်းတွေကျိုး၊ တံတားတွေ ဖျက်ပြနေတယ်။ ရှားပါးတဲ့ ဧရာဝတီ လင်းပိုင်ကလေးတွေကလည်း ရေတိမ်လို့လား မဆိုနိုင် နှစ်ကောင်တောင် ဆုံးပါးသွားတဲ့သတင်း ဖတ်လိုက်မိပါတယ်။ ကမ္ဘာ့ရှားပါး သယံဇာတ စိမ်းပြာရေညှိ (Spirulina) ကလည်း နှစ်မိုင်လောက်ဝေးတဲ့ မြစ်ရေတင် စီမံကိန်း ရေချိုဝင်ပြီး Ph အဆင့်ကျကာ အထွက်နှုန်း ကျဆင်းသွားပါသတဲ့။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ ကျောက်ပန်းတောင်းမှာ အ၀ီစိတွင်း ၂ ပေ ၃၁ တွင်း၊ ၄ ပေ ၁၀ တွင်း၊ တူးဖော် အကောင်အထည် ဖော်ရာမှာ သုံးနေရာပြောင်းပြီး ခက်ခက်ခဲခဲ တူးခဲ့ရတယ်။ ပေ ၃၂၀ မှာမှ ရေကြောတွေ့တယ်လို့ ၂၀၁၃-၂၀၁၄ သန့်ရှင်းသော သောက်ရေရရှိရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကိုလည်း စာနာစိတ်နဲ့ မှတ်သားမိပါတယ်။ နောက် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ တောဆင်သုံးကောင်က နှမ်းလုံးကြိုင်ရွာ၊ စောစာရွေမှူးရဲ့ လယ်ထဲဝင်ပြီး စားသောက်ဖျက်ဆီး သွားတယ်။ သလပ်ခွာရွာက ရွာသားတစ်ဦးကလည်း တောဆင်တွေရဲ့ လယ်ဖျက်ဆီးမှုကို နှစ်စဉ်ကြုံတွေ့ ရတယ်လို့ တောဆင်ရိုင်း ဖျက်ဆီးသွားတဲ့ စပါးခင်း ဓာတ်ပုံနှင့်တကွ တွေ့မြင်ဖတ်ရှု ရပါတယ်။ အထင်ကရ စီမံကိန်းကြီးဖြစ်တဲ့ ဆည်တော်ကြီး ရေလှောင်တမံ ရေဖြန့်ဝေရာမှာ ရေစီးရေလာ အနှောင့်အယှက်ဖြစ်ကာ စိုက်ပျိုးရေ အပြည့်အ၀ မရှိတော့။ ဒါကြောင့် ဆည်တော်ကြီး ရေသောက်စနစ်ကို ၂၀၁၃ ခုနှစ်အတွင်း ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေကာတာများ ဖို့ပေးခြင်း၊ သဲနုန်းများ တူးဖော်ခြင်း စသည့်ပြုပြင်ခြင်းတွေ ဆောင်ရွက်ပေးမှ တူးမြောင်းမကြီး လက်တံမြောင်းများ ရေပေးနိုင်တာကိုလည်း ဖတ်ရှုမိပါတယ်။ အထင်ကရ စီမံကိန်းဖြစ်တဲ့ ဆည်တော်ကြီး၊ ရှားပါးစိမ်းပြာရေညှိ၊ ဧရာဝတီလင်းပိုင် စသည်တို့ ပျက်စီးဆုံးရှုံးမှုတွေဟာ သဘာဝ ဂေဟစနစ် ထိန်းသိမ်းပေးတဲ့ သစ်တောသစ်ပင် ပြုန်းတီးမှုကို အခြေခံတဲ့ အကျိုးဆက်တွေပါ။ အရင်က မြန်မာနိုင်ငံရဲ့ ဧရိယာ ၆၅ ရာခိုင်နှုန်းကျော် သစ်တောဖုံးလွှမ်းမှု ရှိခဲ့ပေမယ့် အခုအချိန်မှာ ရာခိုင်နှုန်း ၂၀ လောက်ပဲ ကျန်တော့တယ်ဆိုတာ မှတ်သားမိပါတယ်။ သစ်တောပျက်စီးမှုရဲ့ အဓိက အကြောင်းအရင်းတွေက လူဦးရေ တိုးတက်များပြားပြီး စိုက်ပျိုးမြေ လိုအပ်ခြင်း။ စက်မှုဖွံ့ဖြိုးခြင်း၊ မြို့ရွာတိုးချဲ့လာခြင်း သတ္တုတူးဖော်ခြင်း စသည်တွေကြောင့်ပါ။ ဒါတွေလည်း တိုင်းပြည်အတွက် လိုအပ်ချက်တွေပါပဲ။ ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းရာမှာ သစ်တောသစ်ပင်တွေ မပျက်စီးအောင် စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ တစ်ဖက်က သစ်ပင်တောတောင် ပျက်စီးပြီး သဘာဝ ဘေးအန္တရာယ် ဖြစ်ပေါ်နေချိန်မှာ သတ္တုတူးဖော်ရေးတွေ ထိန်းချုပ်သင့်ပါတယ်။ ဒီမိုကရေစီ ၀ါရင့်အိမ်နီးချင်း အိန္ဒိယနိုင်ငံကြီးရဲ့ ထမံသီ စီမံကိန်းဟာ ပြည်သူ့ဆန္ဒအရ နောက်ဆုတ်သွားတာကို နည်းယူသင့်ပါတယ်။ အထူးသဖြင့် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းအစရှိတဲ့ ကိုယ့်နိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီးတွေထိ ခိုက်ပျက်စီးစေမယ့် လျှပ်စစ်စီမံကိန်းတွေ သတ္တုတူးဖော်ရေး စီမံကိန်းကြီးတွေကို တာဝန်ရှိသူတွေဟာ စေ့စေ့စပ်စပ်၊ နှိုင်းနှိုင်းချိန်ချိန် စဉ်းစားဆုံးဖြတ် သင့်ပါတယ်။ မိုးတွင်းကာလမှာတောင် ရေရှားပါးမှုကြောင့် အညာဒေသမှာ ရေပေးဝေတဲ့ သတင်းတွေ ရှိနေပါတယ်။ သဘာ၀၀န်းကျင် ကာကွယ်စောင့်ရှောက်မှုနှင့် သတ္တုတူးဖော်ရေးဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း နိုင်ငံနဲ့အ၀န်း ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင် တိမ်းပါးမှု လက္ခဏာတွေ ထောက်ထားပြီး ဧရာဝတီမြစ်ညှာ တကောင်းကြေးနီ စီမံကိန်းမျိုးတွေ မြစ်မကြီးတွေရဲ့ ရွှေတူးရွှေကျင် လုပ်ငန်းတွေကို ထိန်းချုပ်ရပ်ဆိုင်း သင့်ပါတယ်။ သံလွင်မြစ်ဝှမ်း စီမံကိန်း ခြောက်ခုကိုလည်း EIA, SIA သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ် အကျိုးသက်ရောက်မှုများ စနစ်တကျ စစ်ဆေးဆောင်ရွက်ပြီး တွေ့ရှိတဲ့ အကျိုးရလဒ်ကို လိုက်နာရပါမယ်။ သံလွင်မြစ်ဝှမ်းပေါ်တွင် ဆည်ဆောက်မည် ဆိုပါက ဖြစ်လာမည့် ဆိုးကျိုးများကို အာဆီယံ လူထုဖိုရမ်တွင် ထည့်သွင်းဆွေးနွေးသင့်ကြောင်း ဆရာဦးအုန်း (FREDA) ၏ အကြံပြုချက်ကို လိုက်နာသင့်ပါတယ်။ မဖြစ်မနေ ဆောင်ရွက်ရမှာပါ။ သို့မှသာ မြန်မာပြည်သူတွေ ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မ၀ ဘ၀မျိုးမှ လွတ်မြောက်နိုင်မှာပါ။ အလားတူ "အင်းလေးကန်အတွက် ပိုမိုကောင်းမွန်သော အခြေအနေကောင်းများ ပြန်လည်ဖော်ဆောင်နိုင်မည့် စီမံကိန်းတစ်ရပ်" ဆိုတာလည်း အနာနဲ့ဆေး တည့်အောင်ပေးသင့်ပါတယ်။ ဆေးက အင်းလေးကန်ထဲ ရေစီးဝင်ရာ ရေဝေရေလဲ ဒေသမှာ သစ်ပင်စိုက်ပျိုး ဝေစာနေရမှာပါ။ အင်းလေးကန်ကြီးထဲဝင်တဲ့ ချောင်းကြီးချောင်းငယ်တွေ မြစ်ဖျားခံရာတစ်လျှောက် သစ်ပင်သစ်တော မဖြစ်ပေါ်သမျှ အင်းလေးကန်ကြီး မည်မျှပင် ဆယ်စေကာမူ တဒင်္ဂသာ ဖြစ်ပါလိမ့်မည်။ ထာဝရ မဖြစ်နိုင်ပါ။ ထာဝရဖြစ်ဖို့ ရေဝေရေလဲ ဧရိယာတွေမှာ သစ်ပင်သစ်တောနဲ့ စိမ်းလန်းစေရပါမယ်။ ကန်ထဲစီးဝင်တဲ့ ချောင်းတွေ မြစ်ဖျားခံရာမှာ "အင်းလေးကန် ကာကွယ်တော" သတ်မှတ်တည်ထောင်ပေးရင် ဖောင်တော်ဦးဘုရား တန်ခိုးနဲ့ အင်းလေးကန်ကြီး နဂိုအနေ ပြန်ရောက်နိုင်မယ်လို့ ခန့်မှန်းကြည်ညိုမိပါတယ်။ တစ်နေ့ TV ပြကွက်က ဖောင်တော်ဦး ဘုရားပွဲမှာ ရေလမ်းကြောင်းလေးသာ ရှိတော့တဲ့ အင်းလေးကန်ကြီးကို တွေ့မိပါတယ်။ ဒီရေလမ်းကြောင်းကလည်း ဒူးဆစ်လောက်ပဲ နက်တော့တယ်။ ဒေသခံတွေ ဖောင်တော်ကို ရေထဲဆင်းပြီး ဆွဲယူတဲ့ မြင်ကွင်းဟာ သဘာဝ အရင်းအမြစ် ချစ်မြတ်နိုးသူရဲ့ ရင်နှလုံးကို တုန်လှုပ်စေပါတယ်။ ထိုးဝါးတစ်ဆုံး ခြေနဲ့လှေလှော်ခတ် လှုပ်ရှားသွားလာရတဲ့ တိုင်းရင်းသား အင်းသာတို့ မှီခိုရာ အင်းလေးကန်လည်း သဘာဝ အရင်းအမြစ် ဖျက်ဆီးဝါးမြိုမှုအောက်မှ ယဲ့ယဲ့ကလေး ကျန်ပါတော့တယ်။ ဒါတွေ မကပါဘူး။

- ပခုက္ကူဒေသတွင် မသန့်ရှင်းသော ရေများကို ယနေ့တိုင် အားထားသုံးစွဲနေဆဲ။

- မြစ်ရေတိုက်စားပြီး ကမ်းပါးပြို၍ လူနေအိမ်များ ပြောင်းရွှေ့။

- ချင်းပြည်နယ်တွင် သစ်ထုတ်လုပ်မှု လျှော့ချရန် ဒေသခံများ လိုလား။

- ကလေးမြို့တွင် ရေကြီးလူနေအိမ် တံတားများ ပျက်စီး။

- စုန်ဆန်မဲ့ အနင်းခံ ဘ၀။

- ဒုက္ခနဲ့ အသားကျ နေသူများ။

- အမြင့်ကိုမျှော်ရင်း တွင်းတူးဆင်းနေသူများ စသည့်စသည့် သဘာဝအရင်းအမြစ် ပျက်စီးမှု အကျိုးဆက်တွေဟာ မြန်မာပြည်သူ ရာခိုင်နှုန်း ၇၀ တို့ရဲ့ ဆင်းရဲတွင်း အမှောင်တိုက်ကို ဒီမိုကရေစီ အလင်းရောင် မသန်းသေးပါလားလို့ ခံစားရပါတယ်။ နည်းပညာ ဖွံ့ဖြိုးနေပါလျက်နဲ့ ကိုယ့်တိုင်းပြည် သယံဇာတကို ပေးရက်ပေ့သူတို့၊ ဖျက်ရက်ပေ့တို့ တိုင်းပြည်လို့သာ ဟစ်လိုက်ချင်ပါတယ်။ လက်ပံတောင်း သတ္တုတူးဖော်မှု ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာတစ်လျှောက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု EIA, SIA တွက်ချက်ပြီး ပြည်သူကို ချပြသင့်ပါတယ်။ အထက်က ရေးသားတင်ပြခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအရ ဒီတိုင်းပြည်မှာ သစ်ပင်သစ်တောတွေ အမြန်ဆုံးနဲ့ အရေးကြီးဆုံး ဦးစားပေး စိုက်ပျိုးတည်ထောင် ပေးရမှာပါ။ မြစ်ဘေးမြစ်ဝှမ်းတွေမှာ ပြည့်စုံလုံလောက်တဲ့ သစ်ပင်သစ်တောတွေ ပြည့်စုံစိမ်းစိုနေမှသာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း အဆင်ပြေ ချောမွေ့မှာပါ။ ဒီလိုမှ မဟုတ်ရင် မြန်မာနိုင်ငံမှာ ရေဘေးအန္တရာယ်ဟာ ၁၀ နှစ်အတွင်း ဒုတိယ အများဆုံး ကြုံတွေ့ရတဲ့ သဘာဝ ဘေးကနေ အဆင့်လျော့ကျနိုင်မှာ မဟုတ်ပါဘူး။ သစ်တောပျက်စီးမှုဟာလည်း နှစ်စဉ် ၀ ဒသမ ၉၅ ရာခိုင်နှုန်းနဲ့ ဆက်သွားနေမယ်ဆိုရင် ကျန်ရှိနေသေးတဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာ ရာခိုင်နှုန်း ၂၀ လည်း လျော့ကျပျောက်ကွယ် သွားမှာပါ။ အဲဒီအချိန်ကျရင် ပူအိုက်ပြီး ရေရှားတဲ့ ဒုက္ခပင်လယ် ဝေရတော့မှာပါ။ ဒီအဖြစ်မျိုး မရောက်ရလေအောင် "ကျန်စစ်မင်းကြီး" နှလုံးသားမျိုးနဲ့ တိုင်းသူပြည်သားကို ကာကွယ်ပေးပါလို့ တောင်းပန်တင်ပြ အပ်ပါတယ်။

မြစေတီ ကျောက်စာ

"အမိသည် သားငယ်ကို
ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့
ငါသည်လည်း တိုင်းသူပြည်သားတို့ကို
စ်သိမ့်စေအံ့"
(မြစေတီကျောက်စာကောက်နုတ်ချက်)

ကိုးကား
နေ့စဉ်ထုတ် သတင်းစာပါ ဖြစ်ရပ်များ။

Eleven Media Group