မောင်တောကြိမ်ချောင်းဈေးမီးလောင်၊ ဆိုင်ပေါင်း ၁၀၀ နီးပါး မီးထဲပါ

ပို့စ်တင်ချိန် - 10/30/2013 06:31:00 PM


ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းဈေး မီးလောင်သဖြင့် ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးခန့် မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညဥ့် ၁၂ နာရီမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး နံနက် ၄ နာရီမှ မီးငြိမ်းသွားသည်ဟု အမည်မဖေါ်လိုသူ စရဖ အရာရှိ တစ်ဦးက ပြောသည်။

“ ပေါ့ဆမီးပါ။ ဈေးဆိုင်တွေထဲမှာ မီးကြွင်းမီးကျန်တွေ ရှိရာကနေ စလောင်ကျွမ်းတာပါ။ ဆိုင်ခန်း ၈၀ ကျော် မီးထဲပါသွားပါတယ်” ဟု ၎င်းက ဆိုသည်။

ညဥ့်အချိန် လူများ အိပ်ပျော်နေချိန်တွင် လောင်ကျွမ်းခြင်း ဖြစ်သဖြင့် မီးလောင်ကျွမ်းမူ ပမာဏများပြားကြောင်း၊ ယင်းပြင် ကြိမ်ချောင်းတွင် မီးသတ်ကားလည်း မရှိသဖြင့် မီးကို အချိန်တိုကာလ အတွင်း မငြိမ်းသတ်နိုင်ဘဲ ဖြစ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။

မောင်တော မီးသတ်ဌာနမှ လိုက်ပါသွားသော်လည်း မီးငြိမ်းပြီးမှ ရောက်ရှိသွားသည်ဟု မီးသတ်ဦးစီးဌာနနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“ မောင်တောက မီးသတ်ကား လိုက်သွားပါတယ်။ ခရီးက ၂၇ မိုင်ဝေးပြီး လမ်းကြမ်းတဲ့ အတွက် ၄ နာရီ အချိန်လိုပါတယ်။ ကားရောက်တော့ မီးက ငြိမ်းသွားပါပြီ” ဟု ၎င်းက ဆိုသည်။

ကြိမ်ချောင်းဈေးတွင် ၉၀ ရာခိုင်နုန်း ဈေးဆိုင်များကို  မွတ်ဆလင်များက ပိုင်ဆိုင်ကြောင်း၊ ရခိုင်ဆိုင် အနည်းငယ်သာ ရှိကြောင်း သိရသည်။

(နိရဉ္စရာ- ၃၀ အောက်တိုဘာ ၂၀၁၃)