၁၉၉၀ ၀န်းကျင်နိုင်ငံရေးနှင့် အသံတိတ် နိုင်ငံရေး ဆွေးနွေးပွဲများ

ပို့စ်တင်ချိန် - 10/30/2013 06:39:00 PM


Written by ဒေါက်တာရန်မျိုးသိမ်း

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည်  မြန်မာ့နိုင်ငံရေး သမိုင်းတွင် လွတ်လပ်၊ တရားမျှတမှု အရှိဆုံး ရွေးကောက်ပွဲတစ်ခုအဖြစ် မဖြစ်မနေ အသိအမှတ်ပြုရမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး၊ တရားမျှတခဲ့လင့်ကစား ရွေးကောက်ပွဲအလွန် နိုင်ငံရေးသည် ပါတီစုံစနစ်၊ ဒီမိုကရေစီစနစ်တို့မှ သွေဖည်လာခဲ့ပြီး ရွေးကောက်ပွဲ ရလဒ်နှင့် အညီ ပြည်သူ့လွှတ်တော် ခေါ်ယူနိုင်ရေး၊ အာဏာ လွှဲပြောင်းနိုင်ရေးတို့ကို ချောင်ထိုးခဲ့သည်။ နိုင်ငံရေး ဆွေးနွေးပွဲများသည်လည်း အသံတိတ်ခဲ့ရပြီး၊ တစ်ဖက်သတ် ဖိအားပေးမှု၊ ဖိနှိပ်မှုများသာ ဆုလာဘ်အဖြစ် ရရှိခဲ့သည်။
ဒေါ်စုနှင့်  အန်အယ်လ်ဒီကို လျှော့တွက်ခဲ့ခြင်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြောင်းလဲဖွဲ့စည်းခဲ့သော တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)တို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အပေါ် ပြည်သူလူထု၏ အားကိုးထောက်ခံမှုကို လျှော့တွက်ခဲ့ကြသည်။ န၀တအစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် နည်းလမ်းပေါင်းစုံဖြင့် ထိုးနှက်မှုများနှင့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းမှုတို့ကို အကြောင်းပြုလျှက် ပြည်သူလူထုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို ပို၍ပို၍ ထောက်ခံလာခဲ့ပြီး န၀တအစိုးရနှင့် တစည ပါတီအပေါ် ပို၍ပို၍ မကျေမနပ် ဖြစ်လာခဲ့ကြသည်။
ထိုအခြေအနေတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ပါတီအပေါ် ထောက်ခံမှု၊ န၀တအစိုးရနှင့် တစည ပါတီအပေါ် ဆန့်ကျင်မှုတို့ကို ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်မည့် အခွင့်အလမ်းဖြစ်ခဲ့သည်။ န၀တအစိုးရနှင့် တစညပါတီတို့၏ မြန်မာပြည်သူလူထုအပေါ် အကဲဖြတ် သုံးသပ်ချက် အမှားများကြောင့်လည်း တန်ပြန် အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး မှန်းချက်နှင့် နှမ်းထွက် မကိုက်ဖြစ်ခဲ့ရသည်ဟုလည်း သုံးသပ်နိုင်သည်။
တောင်ပြိုကမ်းပြိုအံ့သြမှု
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်ကိုယ်စားလှယ် ၃၉၂ နေရာ၌ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့မှုသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊  တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတို့ကို တောင်ပြိုကမ်းပြို အံ့သြတုန်လှုပ်စေခဲ့ပြီး ခြေမကိုင်မိ လက်မကိုင်မိ အနေအထား တစ်ခုသို့ ရောက်ရှိစေခဲ့သည်ကို တွေ့ရသည်။
တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေး ခယောင်းလမ်းကို ဖြတ်သန်းခဲ့ရပြီး  ဆင်းရဲမွဲတေသထက် မွဲတေလာခဲ့ရသည်။ အဆိုပါ နိုင်ငံရေးသမိုင်းကို ဆန်းစစ်သုံးသပ်လျှက် နိုင်ငံရေးတွင် ပွင့်လင်းမြင်သာ၊ တန်းတူရည်တူရှိသော နိုင်ငံရေးစားပွဲဝိုင်း ဆွေးနွေးပွဲများသည်သာ  . . .
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိနိုင်ခြေ မရှိဟုလည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ ပူးပေါင်းလျှက် ညွန့်ပေါင်းအစိုးရပုံစံ ဖြစ်လာနိုင်ခြေသည်သာ အမြင့်ဆုံး ဖြစ်လိမ့်မည်ဟု လည်းကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု ထောက်ခံမှုသည် ထင်သလောက် မရှိနိုင်ဟု လည်းကောင်း ကြိုတင်ခန့်မှန်း သုံးသပ်ချက်များသည် တက်တက်စင်အောင် လွဲမှားကြောင်း ရွေးကောက်ပွဲရလဒ်က သက်သေခံနေသည်။
နိုင်ငံရေးဆွေးနွေးမှုမရှိခဲ့ခြင်း
၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလဒ်သည် န၀တ အစိုးရ အကြီးအကဲများကို စီမံချက်အသစ်တစ်ခုဆီ တွန်းပို့ခဲ့သည်ဟု သုံးသပ်နိုင်သည်။ အဆိုပါ စီမံချက်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ရှောင်ကွင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်နှင့်အညီ ရွေးကောက်ပွဲ ကျင်းပရေး အဆုံးသတ်တွင် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို နိုင်ငံရေးအရ အသေသတ်ရေးတို့အပေါ် အခြေခံခဲ့သည်ကို တွေ့ရသည်။ န၀တအစိုးရသည် ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်များနှင့် တန်းတူရည်တူ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံရေး နည်းလမ်းအရ အဖြေရှာပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးရန်လည်း ပျက်ကွက်ခဲ့သည်။ အာဏာလွှဲပြောင်းရေးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေး လမ်းကြောင်းနှင့် လမ်းလွှဲခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် န၀တ အစိုးရအဖွဲ့ကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် အကြိမ်ကြိမ် ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း၊ ဒီချုပ်ခေါင်းဆောင်များကို အစိုးရအနေဖြင့် ဖိတ်ခေါ်ခဲ့ခြင်း မရှိသည့်အပြင် န၀တ အစိုးရအနေဖြင့် အနိုင်ရပါတီကို ဂုဏ်ပြုစကား ၀မ်းမြောက်ဝမ်းသာစကား ဆိုခဲ့သည်ဟု မှတ်ချက်ပြုနိုင်သည့် အထောက်အထားများကိုလည်း မတွေ့ရှိရပေ။
ကြေညာချက် ၁/၉၀
၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ်များသည် ဂန္ဒီ အစည်းအဝေးကြီးကို ကျင်းပပြုလုပ်မည်ဟု ခြေလှမ်း ပြင်ခဲ့သောအခါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ကြေညာချက်အမှတ် (၁/၉၀) ကို ဂန္ဒီ အစည်းအဝေးကြီး ကျင်းပရန် တစ်ရက်အလို ၁၉၉၀ ပြည့်နှစ် ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် အပိုဒ် ၂၀ ၌ ထို့ကြောင့် ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်ဟု ဖော်ပြခဲ့သည်။ အဆိုပါ အပိုဒ်သည် အာဏာလွှဲပြောင်းရေးကို လည်းကောင်း၊ နိုင်ငံရေးအရ ဆွေးနွေးမှုများကို လည်းကောင်း အပြီးတိုင် လမ်းပိတ်သွားစေမည့် အဟန့်အတား ဖြစ်ခဲ့သည်ဟု ကောက်ချက်ပြုနိုင်သည်။ ထို့အပြင် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ၍ အစိုးရဖွဲ့စည်းမည်ကိုလည်း အလွန်စိုးရိမ်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ကြေညာချက်အပိုဒ် ၂၁ တွင် နိုင်ငံတော် အာဏာရယူရေးအတွက် ယာယီ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံနိုင်မည် မဟုတ်သည့်အပြင် ထိုသို့ ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရမည်ဟု ထုတ်ပြန်ခဲ့ခြင်းတို့သည် ရွေးကောက်ပွဲမတိုင်မီကာလ န၀တ အစိုးရ အကြီးအကဲများ၏ ကတိစကားများနှင့် ပြောင်းပြန် ဇောက်ထိုးဖြစ်ခဲ့သည်မှာ အထင်အရှားဖြစ်သည်။
ဂန္ဒီအစည်းအဝေးကြီး
၁၉၉၀ပြည့်နှစ် ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဂန္ဒီခန်းမဆောင်၌ ဂန္ဒီအစည်းအဝေးကြီးကို ကျင်းပခဲ့ပြီး နိုင်ငံတော်ရေးရာ အဖြာဖြာနှင့် ပြည်သူ့လွှတ်တော် ခေါ်ဆိုဖွဲ့စည်းရေး ကိစ္စအ၀၀တို့ကို ဆွေးနွေးတိုင်ပင်လျှက် ဂန္ဒီခန်းမ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲတွင် လုံးလုံးလျားလျား အများစု အနိုင်ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတော်အတွက် လောလောဆယ် အကျိုးစီးပွားနှင့် ရေရှည်အနာဂတ် အကျိုးစီးပွားများကို အခြေခံထား၍ တစ်မျိုးသားလုံး ပြန်လည် သင့်မြတ်ရေးစိတ်ဓာတ်ဖြင့် ပွင့်လင်းသော၊ ရိုးသားသော၊ စေတနာအပြည့်ပါသော နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှုများ ပြုလုပ်သွားရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့မှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ အဆိုပြုချက်ကိုလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့သေးပေဟု ဂန္ဒီ ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် န၀တ အစိုးရသည် ဒီချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် နိုင်ငံရေး ရှေ့ခရီးအတွက် တစ်စုံတစ်ရာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်း မရှိသည့် အထောက်အထားပင် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂၊ ပုဒ်မ(၃)တွင် ပြဌာန်းထားသော လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်လိုက်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟူသော ပြဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန် အရေးတကြီး လိုအပ်ပေသည်ဟု ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေနှင့်အညီ လွှတ်တော်ခေါ်ယူရေးကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး န၀တ အစိုးရအနေဖြင့် လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးရန် တာဝန်ရှိခဲ့သည်ဟု သုံးသပ်နိုင်သည်။
ထို့အပြင် ဂန္ဒီကြေညာစာတမ်းတွင် ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာ (သို့တည်းမဟုတ်) ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာလွှဲပြောင်းရေး ကိစ္စတို့နှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အသင့်ရေးဆွဲထားရှိပြီး ဖြစ်ကြောင်း သိရှိရ၍ လွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုကြောင်း၊ ဤယာယီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအားဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက်အပ်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက တညီတညွတ်တည်း ယူဆကြောင်းတို့ကို ဖော်ပြထားသည်။ အန်အယ်လ်ဒီ ကိုယ်စားလှယ်များ၏ ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေး တောင်းဆိုမှုသည် အဆိုပါကာလ နိုင်ငံရေးပတ်ဝန်းကျင်နှင့် ဘောင်ဝင်ပြီး န၀တ အစိုးရအနေဖြင့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်များနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ကာ နိုင်ငံရေးနည်းအရ အဖြေရှာခဲ့သင့်သည်။
ဂန္ဒီကြေညာစာတမ်းပါ ဖော်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့လွှတ်တော်ကသာလျှင် ရေးဆွဲပြဋ္ဌာန်း အတည်ပြုရန် တာဝန်ရှိကြောင်း၊ ပြည်သူ့လွှတ်တော်၏ အာဏာအပ်နှင်းမှုမရှိဘဲ၊ ပြည်သူ့လွှတ်တော်၏ အာဏာစက်မရှိဘဲ၊ ပြည်သူ့လွှတ်တော်၏ အဆောင်အယောင် အရှိန်အ၀ါမရှိဘဲ၊ ပြည်သူ့လွှတ်တော်က အတည်ပြု ပြဌာန်းခြင်းမရှိဘဲ ပြည်သူ့လွှတ်တော်မှအပ အခြား မည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခွင့်လည်းမရှိ၊ ပြဋ္ဌာန်း အတည်ပြုခွင့်လည်း မရှိဟုလည်းကောင်း ဖော်ပြခဲ့သည်။
ဂန္ဒီကြေညာစာတမ်းပါ ဖော်ပြချက်များနှင့် ပတ်သက်၍ အစိုးရသည် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ပြီး တန်းတူရည်တူ သဘောမပါသော၊နိုင်ငံရေးအရ အပေးအယူ သဘောမပါသော တစ်ဖက်သတ် ကြေညာချက်များနှင့်အညီ အကောင်အထည်ဖော်ကာ ဖမ်းဆီး ထိန်းသိမ်း မေးမြန်းသည့်နည်းကို ကျင့်သုံးခဲ့သည်။ စစ်ကြောရေးစခန်းများတွင် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း တန်းတူရည်တူ သဘောမရှိ၊ ဖိအားကင်းလွတ်မှု မရှိသဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမရှိခဲ့ဟု သုံးသပ်နိုင်သည်။
နိဂုံး  
အချုပ်အားဖြင့်ဆိုသော် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ဂန္ဒီ အစည်းအဝေးကြီးတို့သည် အလွန်အရေးပါသော ကိန်းသေများ ဖြစ်သည်။ န၀တ အစိုးရသည် ရွေးကောက်ပွဲရလဒ် ဂန္ဒီ ကြေညာစာတမ်းတို့ကို လျစ်လျူရှုလျှက် တန်းတူရည်တူ နိုင်ငံရေး ဆွေးနွေးပွဲများကို ဖော်ဆောင်နိုင်ရန် ပျက်ကွက်ခဲ့သည်။ နိုင်ငံရေးအရ အပေးအယူ ညှိနှိုင်းဆောင်ရွက်ရသည့် သဘောကို မျက်ကွယ်ပြုလျှက် န၀တ အစိုးရ၏ နိုင်ငံရေးစီမံချက် အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေးကိုသာ ဦးတည်ခဲ့ပြီး ငါနှင့်မတူ ငါ့ရန်သူထုံးကို နှလုံးမူခဲ့သည်။ ထို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုသည် နိုင်ငံရေး ခယောင်းလမ်းကို ဖြတ်သန်းခဲ့ရပြီး ဆင်းရဲမွဲတေသထက် မွဲတေလာခဲ့ရသည်။ အဆိုပါ နိုင်ငံရေးသမိုင်းကို ဆန်းစစ်သုံးသပ်လျှက် နိုင်ငံရေးတွင် ပွင့်လင်း မြင်သာ တန်းတူရည်တူရှိသော နိုင်ငံရေး စားပွဲဝိုင်း ဆွေးနွေးပွဲများသည်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အခရာကျကြောင်း နှင့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က အသံတိတ် နိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲများ၏ သမိုင်းဘီးကို ပြန်မလည်စေသင့်ပါကြောင်း မီးမောင်းထိုး ဆော်သြ လိုက်ရပါသည်။

Eleven Media Group