ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာ၍ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် တင်းကျပ်စွာ စစ်ဆေးဟုဆို

ပို့စ်တင်ချိန် - 10/30/2013 12:52:00 PM



ယာဉ်ကြောပိတ်ဆို့မှု ပုံမှန်ဖြစ်လေ့ ရှိနေသည့် သျှင်ပါကူ ဆေးခန်းရှေ့အား အောက်တိုဘာ၂၉ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ၂၅၀၀ စတုရန်းပေ (ပေ ၅၀ ပတ်လည်) တွင် အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းစေပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။

"ရန်ကုန်မြို့မှာ နေ့စဉ်ခံစား နေရတာက ကားပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပေ ၅၀ ပတ်လည် မြေကွက်မှာ ဘယ်လိုအဆောက်အအုံမျိုးပဲ အသစ်ဆောက်ဆောက် ကားပါကင်ကို မဖြစ်မနေ တင်းတင်းကျပ်ကျပ် ထည့်ခိုင်းပါတယ်။ အခုဆိုရင် ရှော့ပင်းမောလ်တွေရှေ့မှာ ကားတွေပိတ်တယ်။ ကမ္ဘာအေး ဂမုန်းပွင့်ရှေ့၊ တော်ဝင်စင်တာ ရှေ့တို့မှာ ယာဉ်ထိန်းရဲတွေတောင် မနိုင်တော့ဘူး။ တာမွေက သျှင်ပါကူ ဆေးခန်းရှေ့မှာလည်း ကားတွေပိတ်နေပါတယ်" ဟု ၎င်းကပြောကြားသည်။

အသစ်ဆောက်မည့် အဆောက်အအုံများတွင် ကားပါကင်အား အဆောက်အအုံ၏ မြေညီထပ်တွင်ဖြစ်စေ၊ မြေအောက်ထပ်တွင်ဖြစ်စေ၊ ဘေးမြေကွက်လွတ် ရှိပါက မြေကွက်လွတ်တွင်ဖြစ်စေ အဆင်ပြေသည့် နေရာ၌ ထည့်သွင်းရန် သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ်ချက်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် လမ်းများ၏ အနေအထားနှင့် ယာဉ်အစီးရေ မမျှတခြင်း၊ ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ မရှိခြင်း၊ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု အချို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဆောက်အအုံများတွင်လည်း အခန်းပမာဏနှင့် လုံလောက်သည့် ကားပါကင်များ မရှိသေးကြောင်း သိရသည်။ ယင်းကိစ္စအား ဖြေရှင်းရန် ယာဉ်ရပ်နားစခန်း အသစ်များ ထပ်မံတည်ဆောက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခင်ထုတ်ပြန် ထားခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရန် ကျပ်သန်း ၇၅၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။



Eleven Media Group