အမုန်းတရားမရှိသဖြင့် အောင်မြင်မှုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ပို့စ်တင်ချိန် - 10/30/2013 06:31:00 PM


အမုန်းတရားတွေမရှိခဲ့လို့ အောင်မြင်မှုတွေ ရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  အောက်တိုဘာလ ၂၉  ရက်နေ့  အီတလီ နိုင်ငံက ချီးမြှင့်တဲ့ တူရင်းန်မြို့တော်သူဆု လက်ခံရယူပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာပါ။

“ကျမနေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ မကြာခဏ စဉ်းစားမိပါတယ်။ ကျမ စစ်အာဏာရှင်ကို စတင်မုန်းတဲ့နေ့ဟာ ကျမ ရှုံးနိမ့်မယ့်နေ့လို့။ ဒါပေမယ့် ကျမသူတို့ကို ဘယ်တော့မှ မမုန်းပါဘူး။ ဒါတွေကြောင့် ကျမနဲ့ အတူ ကျမလူတွေလည်း အကြိမ်ကြိမ် အောင်မြင်မှုတွေ ရလာတာပါ။ ကျမတို့ကြိုးစားဖို့ မျှော်လင့်နေတာက အမုန်းတရားမဟုတ်ပါဘူး။ ခါးသီးမှုတွေ ခံစားနေရလို့လည်း မဟုတ်ပါဘူး။ နားလည်မှုတွေ အခြေခံအားဖြစ်တော့ လူ့တန်ဖိုးတွေကို မျှဝေကြတာတွေ နဲ့ မတူကွဲပြားမှုတွေအကြားမှာ အောင်မြင်တွေရလာတာဖြစ်ပါတယ်။”

ဒါ့အပြင် ဒေါ်အပြင် ဒေါ်အောင်ဆန်းစုကြည်က တူရင်းန်ရဲ့ မြို့တော်သူဖြစ်ရတာ အင်မတန်မှ ဝမ်းမြောက်မိကြောင်း၊ အီတလီ နိုင်ငံက လုပ်ဆောင်ချက်တွေ အားလုံးကိုလည်း ဂုဏ်ယူကြောင်း ပြောပါတယ်။

အာဏာရှင်နဲ့ လွတ်လပ်ရေးကို ယုံကြည်တဲ့ သူတွေအကြားမှာ ကွာခြားမှုတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားပါတယ်။

“အာဏာရှင်ဖြစ်တယ်ဆိုပေမယ့်လည်း လူသားတွေဖြစ်တယ်။ ဒါပေမယ့် တန်ဖိုးတွေက မတူဘူးဆိုတာက ကြိမ်းသေပါတယ်။ တခြားလူတွေ ဘယ်လို့ တင်မြင်တွေးခေါ်နေသလဲ ဆိုတာကိုလည်း နားလယ်အောင် ဘယ်တော့မှ မလေ့လာပါဘူး။ ဒါတွေက လူသားတွေရဲ့ အခြေခံ ဆက်ဆံရေးတွေဖြစ်ပါတယ်။”

မြန်မာနိုင်မှာ ငြိမ်းချမ်းပြီး တည်ငြိမ် ခိုင်မာတဲ့ လူမှု အသိုင်းအဝိုင်းဖြစ်အောင်  အီတလီ နိုင်ငံရဲ့ အကူအညီတွေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း ငယ်စဉ်ကတည်းက  အရမ်းလေးစားတဲ့ အီတလီနိုင်ငံ ဘုန်းကြီးတပါးဟာ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ နေခဲ့ပြီး ဗိုလ်ချုပ်နဲ့ ရင်းနီးတယ်ဆိုတာ သူအနေနဲ့ သိပေမယ့် ဘုန်းကြီးက တူရင်းန်မြို့ကနေ လာတယ်ဆိုတာ မသိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တူရင်းန်မြို့နဲ့ ဆက်နွှယ်မှုကို အမှတ်တရ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘိုလော့ခ်ညာ နဲ့ ပါးမား မြို့တော်သူဆုကို ဒီနေ့ ဆက်လက်သွားရောက်လက်ခံမှာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ မြန်မာနိုင်ငံကို ပြန်မှာဖြစ်ပါတယ်။

by ခွန်ဘသာ (ဒီဗွီဘီ)