မြန်မာနိုင်ငံမှာ အဂတိလိုက်စားခြင်း ပပျောက်ဖို့ လူတိုင်းပါဝင်ဆောင်ရွက်စို့

ပို့စ်တင်ချိန် - 1/01/2014 12:00:00 AM


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် ၂ဝ၁၁ ခုနှစ် မတ် ၃ဝ ရက်တွင် နိုင်ငံတော် တာဝန်များ စတင် ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ကောင်းမွန်သော အုပ်ချုပ်ရေး စနစ် ၊ သန့်ရှင်းသော အစိုးရအဖြစ် ဖော်ဆောင်ရေး တို့ကို ဆောင်ရွက် ခဲ့သည်။

ကမ္ဘာ့နိုင်ငံ အသီးသီး၏ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များတွင် ပဋိပက္ခလွန် ကာလနှင့် ကူးပြောင်းရေး ကာလတို့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကို ဦးစားပေး ဆောင်ရွက် ကြကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံ တွင်လည်း လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၄၈ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အက်ဥပဒေ ပြဋ္ဌာန်း၍ ဥပဒေ အကောင် အထည်ဖော်မည့် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း တာဝန်ပေး ခဲ့သည်။ မြန်မာနိုင်ငံ သည် ကုလသမဂ္ဂ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ကွန်ဗင်းရှင်း ( NUCAC ) သို့ ၂ဝဝ၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရက ဆက်လက်၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် အတည်ပြု ဝင်ရောက် ခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် ဒုတိယ သမ္မတ ဦးဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အစိုးရ အဖွဲ့အစည်းများ အတွင်း အဂတိ လိုက်စားမှု ကင်းရှင်းရေး နှင့် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံ အဂတိ တိုက်ဖျက်ရေး ဆောင်ရွက်ရာ တွင် ပြည်ထဲရေး ဝန်ကြီးဌာန အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အဖွဲ့တို့ကို ဥပဒေ နှင့်အညီ ဖွဲ့စည်း တာဝန် ပေးအပ်၍ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနသည် လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး အတွက် ဆက်သွယ် တိုင်ကြား နိုင်သည့် စနစ်တစ်ခု ထူထောင်ကာ အများပြည်သူ ပူးပေါင်း ဆောင်ရွက် လာစေရန် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် နေ့စဉ်ထုတ် သတင်းစာများမှ ကြေညာ ဖိတ်ခေါ် ခဲ့သည်။

နိုင်ငံတော် အစိုးရသည် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်စေရေး အတွက် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတစ်ဦး အား ကြီးကြပ်ရန် တာဝန် ပေးခဲ့သည်။ ၂ဝ၁၃ ခုနှစ် သြဂုတ်လ အထိ အဂတိ လိုက်စားသော နိုင်ငံ့ဝန်ထမ်း များအပေါ် အရေးယူ ပေးရန် တိုင်ကြားစာ ၁၁၉ စောင် လက်ခံ ရရှိခဲ့သည်။ စစ်ဆေးမှုအရ အရေးယူ ဆောင်ရွက် ခဲ့သည်များမှာ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်း ချက်အရ အရေးယူခြင်း ၃၆၂ ဦး ၊ ဌာန ပြောင်းရွှေ့ခြင်း ၆၉ ဦး ၊ အငြိမ်းစား ပေးခြင်း ၁၈ ဦးနှင့် ထောင်ဒဏ် တစ်ဦး စုစုပေါင်း ဝန်ထမ်း ၄၅ဝ ဦးဖြစ်ကြောင်း သိရသည်။

အဂတိ လိုက်စားမှု လာဘ်ပေး လာဘ်ယူ ကင်းရှင်းရေး အတွက် မြန်မာမှု နယ်ပယ်တွင် ရှေး အစဉ်အဆက် ကပင် မင်းမှုထမ်း တို့အတွက် ပညာရှိစာဆို တို့က သွန်သင်ခဲ့ ကြသည်။ အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ ရေးသား ခဲ့သော သံဝရပျို့တွင် '' တစ်ဖက်သားက ၊ ပတ္တမြားတောင်ရှိ ၊ တံစိုးဖိလည်း ၊ တစိမငဲ့ ၊ မရွဲ့မလည် ၊ ချစ်သည်မယား ၊ ရှေ့နေငြားလည်း ၊ အားပါးမနာ ၊ မျက်နှာမရွယ် ၊ ကြောက်ဖွယ် မလေး ၊ အရေးဟုတ်တိုင်း ၊ ပိုင်းပိုင်း ပြတ်ပြတ် ၊ ဆုံးဖြတ်အပြီး ၊ ဓားထက်လှီးသို့ ၊ ဆင်သီးတရာ ၊ အမတ်များလည်း ၊ လူ့အားချမ်းသာ ၊ ရှာစပေသည် ၊ လွဲသွေ မကောက်ကွေ့ သတည်း ''ဟု သွန်သင် ခဲ့သည်။

ယနေ့ ပြည်ထောင်စု လွှတ်တော်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁ဝ၆ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက် အရ ၂ဝ၁၃ ခုနှစ် သြဂုတ် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၂၃) အဖြစ် ပြဋ္ဌာန်း ခဲ့ပြီး ဖြစ်သည်။ အဂတိ လိုက်စားမှုတွင် မလျော် သြဇာသုံးစွဲမှု ၊ လာဘ်ပေး လာဘ်ယူမှု နှင့် တမင် ရည်ရွယ်ချက် ဖြင့် တာဝန် ပျက်ကွက်မှုတို့ ပါဝင်ကြောင်း ဥပဒေ ပညာရှင်များ ထောက်ပြ ကြသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ၍ ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် အကောင် အထည်ဖော် နိုင်ရန် ပြင်ဆင်ရမည့် လုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ရာ ကမ္ဘာတွင် အဂတိ လိုက်စားမှု များသော နိုင်ငံများ စာရင်းတွင် မြန်မာ မပါဝင်ရေး ကြိုးပမ်း ကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။